Eleven Media Group

■ ဂျော်အိုဖေးလစ်ကို ပြန်လည်ခေါ်ယူလိုတယ်လို့ ဘင်ဖီကာဥက္ကဋ္ဌ ရူအီကော်စတာ ဝန်ခံ

Photo: Getty Images

ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာက ချယ်လ်ဆီးမှာ ရုန်းကန်နေရတဲ့ အသင်းတိုက်စစ်ကစားသမားဟောင်း ဂျော်အိုဖေးလစ်ကို ပြန်လည်ခေါ်ယူလိုတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် (၂၅) နှစ်အရွယ် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က ဘင်ဖီကာအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ နွေရာသီမှာ အက်သလက်တီကိုအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၂၆) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျော်အိုဖေးလစ်အနေနဲ့ အက်သလက်တီကိုအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက Add-ons ကြေးအပါအဝင် ပေါင် (၅၆.၃) သန်းနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။

ဂျော်အိုဖေးလစ်ဟာ ချယ်လ်ဆီးအသင်းမှာလည်း ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာ အေစီမီလန်အသင်းကို ရာသီဝက်အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဂျော်အိုဖေးလစ်ကို ရောင်းထုတ်လိုနေပြီး အခု ဘင်ဖီကာအသင်းနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဘင်ဖီကာဥက္ကဋ္ဌ ရူအီကော်စတာက "ဂျော်အိုဖေးလစ်လို အရည်အချင်းရှိပြီး ကျော်ကြားတဲ့ ကျွန်တော်တို့ အကယ်ဒမီထွက် ကစားသမားကို ပြန်ခေါ်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ ပြန်ခေါ်ချင်ပါတယ်။ ဘင်ဖီကာပရိသတ်တွေအားလုံးလည်း ဂျော်အိုဖေးလစ် ပြန်လာမှာကို သဘောကျကြမှာပါ။ ဒါပေမဲ့ ပြောင်းရွှေ့ကြေးနဲ့ လစာနှုန်းထားကတော့ မြင့်မားပါတယ်။ ဒါကို ကျွန်တော်တို့ အလေးထားရမှာပါ"လို့ ပြောကြားခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group