
အာဂျင်တီးနားပြည်တွင်းဘောလုံးပြိုင်ပွဲတွေမှာ အဝေးကွင်းပရိသတ်တွေကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။
အာဂျင်တီးနားပြည်တွင်းက ကလပ်အသင်းပြိုင်ပွဲတွေမှာ အဝေးကွင်းပရိသတ်တွေ ကြည့်ရှုခွင့်ပိတ်ပင်ထားတာ ၂၀၁၃ ခုနှစ်ကတည်းကဖြစ်ပြီး (၁၂)နှစ်ကြာမြင့်ခဲ့ပါပြီ။
အိမ်ကွင်းပရိသတ်တွေနဲ့ အဝေးကွင်းပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေရှိပြီး ပရိသတ်သေဆုံးမှုပါ ရှိခဲ့တာကြောင့် အခုလို ပိတ်ပင်ထားခဲ့တာပါ။
ဒါပေမဲ့ ကြာသပတေးနေ့မှာတော့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA) က ဘရူနိုအေးရိစ်စီရင်စုအတွင်းမှာရှိတဲ့ ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေမှာ အဝေးကွင်းပရိသတ်တွေကို စတင်ကြည်ရှုခွင့်ပြုပြီး ကျန်ဒေသတွေမှာလည်း ဆက်ပြီးခွင့်ပြုပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
နာမည်ကျော် အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာကို ပြန်လည်ခေါ်ယူထားတဲ့ ရိုဆာရီယိုဆန်ထရယ်အသင်းက လောနပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် အဝေးကွင်းပွဲမှာ ပရိသတ်တွေ လိုက်ပါကြည့်ရှုခွင့်ရမှာဖြစ်သလို၊ ရေးဗားပလိတ်ပရိသတ်တွေအနေနဲ့လည်း ကော်ဒိုဘာနဲ့ ယှဉ်ပြိုင်ကစားမယ့်အဝေးကွင်းပွဲကို လိုက်ပါကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်။
ဒီပွဲစဉ်နှစ်ပွဲက အာဂျင်တီးနားပြည်တွင်းမှာ အဝေးကွင်းပရိသတ်တွေကို ပြန်လည်ခွင့်ပြုတဲ့ ပထမဆုံးပွဲတွေဖြစ်ပြီး ပြဿနာမဖြစ်ပွားခဲ့ဘူးဆိုရင် ကျန်တဲ့ပွဲတွေမှာလည်း ဆက်ပြီးခွင့်ပြုပေးသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။