Eleven Media Group

ဟန်ဆီဖလစ်ခ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် သီယာဂိုအယ်လ်ကန်တာရာ ပြန်လည်ဆောင်ရွက်ဖွယ်ရှိ

Photo: X

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း သီယာဂိုအယ်လ်ကန်တာရာဟာ ဟန်ဆီဖလစ်ခ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပြန်ဆောင်ရွက်ဖွယ်ရှိကြောင်း သိရပါတယ်။
သီယာဂို(၃၄ နှစ်)ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာစီလိုနာအသင်းမှာ အစပြုခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
သီယာဂိုဟာ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၄ နွေရာသီမှာ ကစားသမားဘဝက အနားယူခဲ့တာပါ။
သီယာဂိုဟာ အနားယူပြီးနောက်မှာ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဟန်ဆီဖလစ်ခ် ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ဘဏ္ဍာရေးစည်းမျဉ်းအရ သူ့ကို တရားဝင်ခန့်အပ်လို့ မရနိုင်တာကြောင့် လပိုင်းအတွင်းမှာပဲ လမ်းခွဲခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ဟန်ဆီဖလစ်ခ်က သူ့ကို နည်းပြအဖွဲ့ဝင်အဖြစ် ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာကြောင့် သီယာဂိုကို ဘာစီလိုနာအသင်းမှာ ပြန်လည်မြင်တွေ့ရတော့မယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

မူရင်းသတင်း — Eleven Media Group