
နယူးကာဆယ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ကလပ်စံချိန်တင် လစာနှုန်းထားနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ အီဆက်ခ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေတဲ့အတွက် နယူးကာဆယ်အသင်းက စာချုပ်သစ်ချုပ်ပြီး ထိန်းသိမ်းဖို့ စီစဉ်နေတာပါ။
ဒီနွေမှာ ထိပ်တန်းအားဖြည့်မှုတွေ ပြုလုပ်နေတဲ့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက အီဆက်ခ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဒီရက်သတ္တပတ်အတွင်းမှာပဲ ချဉ်းကပ်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို ၂၀၂၂ နွေရာသီမှာ ဆိုစီဒက်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့်ခေါ်ယူပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
အခု နယူးကာဆယ်အသင်းဘုတ်အဖွဲ့က အီဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း ၁၂၀ လို့ တန်ဖိုးဖြတ်ထားပေမဲ့ အသင်းပိုင်ရှင် ဆော်ဒီစော်ဘွားတွေကတော့ ပြောင်းရွှေ့ကြေးဘယ်လောက်နဲ့ဖြစ်ဖြစ် ရောင်းထုတ်ခြင်းမပြုဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
ဒါကြောင့် နယူးကာဆယ်အသင်းတာဝန်ရှိသူတွေက အီဆက်ခ်ကို လစာနှုန်းထားအသစ်နဲ့ သက်တမ်းတိုးဖို့ စီစဉ်နေတာပါ။
အီဆက်ခ်က လက်ရှိမှာ တစ်ပတ် ပေါင် ၁၃၀၀၀၀ ရရှိနေပြီး နယူးကာဆယ်အသင်းက ပေါင် ၂၀၀၀၀၀ အထိ တိုးမြှင့်ပေးသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
လက်ရှိအချိန် နယူးကာဆယ်အသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားကတော့ ဘရာဇီးလ်ကွင်းလယ်ခံစစ်ကစားသမား ဘရူနိုဂီမာရေ့စ်ဖြစ်ပြီး တစ်ပတ်ပေါင် ၁၆၀၀၀၀ ရရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။