Eleven Media Group

Final Third Zone မှာ တိုးတက်မှုရှိဖို့ လိုနေတယ်လို့ အာမိုရင်မ် ပြောကြား

Photo: Man Utd

မန်ယူနည်းပြ အာမိုရင်မ်က အသင်းအနေနဲ့ Final Third Zone မှာ တိုးတက်မှုရှိဖို့ လိုနေတယ်လို့ လိဒ်စ်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပထမဆုံးရာသီကြိုခြေစမ်းပွဲအဖြစ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဂိုးမရှိသရေကျခဲ့တာပါ။
မန်ယူအသင်းက ကစားသမားသစ်တွေဖြစ်တဲ့ ကူညာနဲ့ လီယွန်တို့ကို ပွဲထွက်ကစားသမားတွေအဖြစ် အသုံးပြုခဲ့ပြီး ဒုတိယပိုင်းမှာတော့ တစ်သင်းလုံးကို အပြောင်းအလဲလုပ်ကစားခဲ့ပါတယ်။
အာမိုရင်မ်က အသင်းအနေနဲ့ ကွင်းလယ်မှာ အရှိန်အဟုန်ပိုင်း အားနည်းချက်ရှိနေသလို၊ Final Third Zone မှာ တိုးတက်မှုရှိဖို့ လိုနေတယ်လို့ ဆိုခဲ့ပါတယ်။
'' ကျွန်တော်တို့ အရှိန်အဟုန်ပိုင်း အားနည်းချက်ရှိပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာပါ။ ဒါကြောင့် ဘောလုံးယူဆောင်ရာမှာ အခက်တွေ့ခဲ့တာလို့ ခံစားရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ရမှာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒါက ပရီးမီးယားလိဂ်ပြိုင်ဘက်တစ်သင်းကို မတူညီတဲ့ အသင်းနှစ်သင်းနဲ့ ပထမဆုံးစမ်းသပ်ကစားတဲ့ပွဲပါ။ ကောင်းသောစမ်းသပ်မှု ဖြစ်ခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အာမိုရင်မ်က ''ကူညာက ကျွန်တော်တို့ လိုအပ်နေတဲ့ ကစားသမားဖြစ်ကြေင်း ပြသခဲ့ပါတယ်။ သူနဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ချိတ်ဆက်မှုကို မတွေ့ခဲ့ရပေမဲ့ ကောင်းမွန်တဲ့အတွဲအဖက်တွေ ဖြစ်လာမှာပါ။ Final Third Zone မှာ ကျွန်တော်တို့ရဲ့ အရည်အသွေး တိုးတက်လာဖို့တော့ လိုနေပါတယ်'' လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group