
နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ဆဲလ်တစ်နဲ့ပွဲမှာ တိုက်စစ်မှူး အီဆက်ခ်ကို အသုံးမပြုဘဲ အိမ်ပြန်ပို့ခဲ့တာဟာ အပြောင်းအရွှေ့သတင်းတွေကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို လီဗာပူးလ်အသင်းနဲ့ အယ်လ်ဟီလာအသင်းတို့က ခေါ်ယူဖို့ ကြိုးပမ်းနေကြပြီး အီဆက်ခ်က လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သတင်းထွက်နေပါတယ်။
နယူးကာဆယ်အသင်းပိုင်ရှင် ဆော်ဒီစော်ဘွားတွေကတော့ ပြောင်းရွှေ့ကြေးဘယ်လောက်ပေးပေး ရောင်းထုတ်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
အက်ဒီဟောင်းကလည်း အီဆက်ခ်အနေနဲ့ နယူးကာဆယ်အသင်းမှာ ဆက်ရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စနေနေ့က စကော့တလန်မှာ ယှဉ်ပြိုင်ကစားတဲ့ ဆဲလ်တစ်နဲ့ ခြေစမ်းပွဲမှာတော့ အီဆက်ခ်ကို အသင်းနဲ့အတူ ရှိမနေစေဘဲ အိမ်ပြန်စေခဲ့တယ်လို့ သိရပါတယ်။
''သူက ကျွန်တော်တို့နဲ့အတူ ဂလပ်စဂိုကို လိုက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတာကြောင့် သူ့ကို အိမ်ပြန်ပို့ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ သူ့အနေနဲ့ ပွဲကြည့်စင်ပေါ်ကနေ ဝမ်းနည်းစွာ ထိုင်ကြည့်နေရမယ်ဆိုရင် သူ့အတွက် တရားမျှတမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ နယူူးကာဆယ်ကစားသမားအဖြစ် စျေးကွက်ပိတ်သွားတဲ့အထိ ရှိနေလိမ့်မယ်လို့ ယုံကြည်ပါတယ်'' လို့ အက်ဒီဟောင်းက ပြောကြားခဲ့ပါတယ်။