Eleven Media Group

လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ စပယ်လက်တီအကောင်းဆုံးလို့ ဆာလာ ရွေးချယ်

Photo: Getty Images

လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာက ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ရာမှာ လက်တွဲခဲ့ဖူးတဲ့နည်းပြတွေထဲ စပယ်လက်တီအကောင်းဆုံးလို့ ရွေးချယ်ခဲ့ပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက စိတ်ဝင်စားစရာမေးခွန်းများစွာ မေးမြန်းခဲ့ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးအာဖရိကကစားသမားက ဘယ်သူလဲလို့ မေးမြန်းရာမှာ ဆာလာက ''ကျွန်တော်ပါ။ ဒါပေမဲ့ အများကြီးရှိပါတယ်။ ဂျော့ချ်ဝီယာ၊ ဒရော့ဘာနဲ့ အီတူးတို့ကိုလည်း ပြောနိုင်ပါတယ်'' လို့ ဖြေခဲ့ပါတယ်။
တွဲကစားဖူးတဲ့အထဲက အကောင်းဆုံးအသင်းဖော်လို့ မေးမြန်းရာမှာတော့ ''ကျွန်တော့်ရဲ့ အကောင်းဆုံးအချိန်မှာ သူနဲ့တွဲမကစားဖူးပေမဲ့ ဟာဇက်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော် တွဲကစားချင်တဲ့ကစားသမားကတော့ ဂျရတ်နဲ့ အွန်နရီတို့ပါလို့ ဖြေခဲ့ပါတယ်။
ရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ခံလူတွေထဲ အကောင်းဆုံးအဖြစ် ရာမို့စ်ကို ဆာလာက ရွေးချယ်ခဲ့ပေမဲ့ ဒီတစ်ယောက်တည်းတော့ မဟုတ်ပါဘူးလို့လည်း ဆိုခဲ့ပါတယ်။
လက်တွဲခဲ့ဖူးတဲ့ အကောင်းဆုံးနည်းပြအဖြစ် ဆာလာက ရိုးမားအသင်းမှာ ဆုံတွေ့ခဲ့ဖူးတဲ့ အီတလီနည်းပြ စပယ်လက်တီကို ရွေးချယ်ခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။
ဆာလာက သူ့အပေါ် အကျိုးသက်ရောက်မှုအရှိဆုံး ဆုဖလားအဖြစ်တော့ ချန်ပီယံလိဂ်ဖလားကို ရွေးချယ်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group