Eleven Media Group

■ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလပူရီမြို့အဝင် အဝေးပြေးလမ်းမကြီးတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ယာဉ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလပူရီမြို့အဝင် အဝေးပြေးလမ်းမကြီးတွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ယာဉ်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ယနေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလဘူရီမြို့အဝင် အမှတ် (၃၂၃) အဝေးပြေးလမ်းမ တောင်အဆင်းလမ်းနေရာတွင် ၁၀ ဘီး ကုန်တင်ယာဉ်တစ်စီးမှ ဘရိတ်ပေါက်ကာ အရှိန်ဖြင့် ရှေ့လားရာတူ အခြားမော်တော်ယာဉ် လေးစီးအား ဆင့်ကဲတိုက်မိခဲ့ခြင်းဖြစ်သည်။

ထို ၁၀ ဘီး ကုန်တင်ယာဉ်တိုက်ခဲ့သည့်အတွက် မော်တော်ယာဉ်တချို့မှာ လမ်းဘေးသို့ လွင့်ထွက်ခဲ့ပြီး ထိုယာဉ်များအပေါ် လိုက်ပါလာကြသူများအနက်မှ သုံးဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးသူများတွင် မြန်မာနိုင်ငံသားများ ပါဝင်ကြောင်း ကနဦး သိရသည်။

၎င်းယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း မော်တော်ယာဉ်များအပေါ် ပိတ်မိနေကြသူများအား ဖိထတ်ကန်ဖောင်ဒေးရှင်၊ စံခလဘူရီဆေးရုံ၊ လမ်းဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် စေတနာရှင်များ ပူးပေါင်းကာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ တိုးပွားလာနိုင်ကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြထားသည်။

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား စံခလဘူရီဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှုများ ပေးထားကြောင်းလည်း သိရသည်။

ဘိုဘိုမြင့်
Photo Cerdit - ကန်ချနဘူရီဒေသ သတင်း။

မူရင်းသတင်း — Eleven Media Group