Eleven Media Group

■ ဒီပေါလ်ကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အင်တာမိုင်ယာမီအသင်း သဘောတူညီမှု ရရှိ

Photo: Getty Images

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ကစားနေတဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းဟာ အက်သလက်တီကိုကွင်းလယ်ကစားသမား ဒီပေါလ်ကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။

Goal.com ရဲ့ ဖော်ပြချက်အရ အင်တာမိုင်ယာမီအသင်းဟာ အာဂျင်တီးနားလက်ရွေးစင်ကွင်းလယ်ကစားသမား ဒီပေါလ်ကို ကနဦးအငှားခေါ်ယူမှာဖြစ်ပြီး အငှားစာချုပ်ပြီးဆုံးပါက ယူရို (၁၅) သန်းနဲ့ ခေါ်ယူကာ (၄) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် (၃၁) နှစ်အရွယ် ဒီပေါလ်ဟာ အက်သလက်တီကိုအသင်းမှာ အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပေမဲ့ အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့ တွဲကစားခွင့်ရဖို့အတွက် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီပေါလ်ဟာ မက်ဆီရဲ့ သက်တော်စောင့်အဖြစ် နာမည်ပြောင်ရထားသူဖြစ်ပြီး မက်ဆီနဲ့ သူ့အကြားမှာ စကားပြောစရာမလိုဘဲ အချင်းချင်းနားလည်နိုင်တဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောဆိုထားသူ ဖြစ်ပါတယ်။

နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ် ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရည်မှန်းနေပြီး နာမည်ကျော်ကစားသမားတွေကို ခေါ်ယူနေတာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group