Eleven Media Group

■ အာဆင်နယ်နဲ့အတူ ဆုဖလားတွေ ရယူလိုတယ်လို့ ဇူဘီမန်ဒီ ပြောကြား

Photo: Getty Images

အာဆင်နယ်ကွင်းလယ်ကစားသမားသစ် ဇူဘီမန်ဒီက အသင်းနဲ့အတူ ဆုဖလားတွေ ရယူလိုကြောင်း ပြောကြားခဲ့ပါတယ်။

အသက် (၂၆) နှစ်အရွယ် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီက လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အခုနွေမှာ ဆိုစီဒက်အသင်းကနေ အာဆင်နယ်အသင်းဆီကို ပေါင် (၅၅.၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ (၃) ရာသီဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် (၂) ရရှိခဲ့ပြီး လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဇူဘီမန်ဒီက အာဆင်နယ်အသင်းဟာ ဆုဖလားတွေ ရယူနိုင်စွမ်းရှိနေပြီး အသင်းနဲ့အတူ ဆုဖလားတွေ ရယူလိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီတွေကနေ သင်ခန်းစာယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီအချက်က ရာသီသစ်မှာ မျှော်လင့်ချက်တွေကို ပြည့်မြောက်စေမယ့် သော့ချက်တွေ ဖြစ်ပါတယ်။ ဘောလုံးမှာ အသေးစိတ်အချက်တွေက အဓိကကျတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာပေါ့"လို့ ဇူဘီမန်ဒီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဇူဘီမန်ဒီက အာဆင်နယ်နည်းပြ အာတီတာဟာ ထိပ်တန်းနည်းပြဖြစ်ပြီး သူ့အနေနဲ့ အာတီတာဆီကနေ များစွာသင်ယူနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group