Eleven Media Group

■ ဘာစီလိုနာဟာ လူတိုင်းကစားချင်တဲ့ ကလပ်အသင်းဖြစ်တယ်လို့ ရပ်ရှ်ဖို့ဒ် ပြောကြား

Photo: FC Barcelona

ဘာစီလိုနာကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းဟာ လူတိုင်းကစားချင်တဲ့ အိပ်မက်အသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် (၂၇ နှစ်)ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ပြီး အငှားစာချုပ်ကုန်ဆုံးပါက ပေါင် (၃၀.၃) သန်း (ယူရို ၃၅ သန်း)နဲ့ အပြီးသတ်ခေါ်ယူနိုင်တယ်ဆိုတဲ့ အချက်ပါဝင်တယ်လို့ သိရပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ငယ်မွေးခြံပေါက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၂၄ ဒီဇင်ဘာကတည်းက ပွဲကစားခွင့်မရတော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဒုတိယရာသီဝက်ကို အက်စတွန်ဗီလာအသင်းမှာ ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး အခုလည်း ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လူတိုင်းကစားချင်တဲ့ အိပ်မက်အသင်းဖြစ်ပြီး အိမ်ကို ရောက်လာသလို ခံစားရတယ်လို့ ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ရပ်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်က "ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဘာစီလိုနာအသင်းက လူတိုင်းကစားချင်တဲ့ အိပ်မက်အသင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက အဓိကဆုဖလားတွေများစွာ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပါတယ်။ ပြီးတော့ ဒီအသင်းရဲ့ ရပ်တည်မှုက ကျွန်တော့်အတွက် များစွာအဓိပ္ပာယ်ရှိပါတယ်။ ဒီအသင်းကို ရောက်လာတာက အိမ်ကို ရောက်လာသလို ခံစားရပါတယ်။ ဘာစီလိုနာအသင်းက မိသားစုနေရာဖြစ်ပြီး ကစားသမားကောင်းတွေအနေနဲ့ သူတို့ရဲ့စွမ်းရည်တွေကို ပြသနိုင်တဲ့နေရာဖြစ်လို့ ဒီအသင်းကို ကျွန်တော် ရွေးချယ်ခဲ့တာပါ။ ပြီးတော့ ဟန်ဆီဖလစ်ခ်(ဘာစီလိုနာနည်းပြ)နဲ့ ဆွေးနွေးမှုတွေကလည်း အပြုသဘောဆောင်ပါတယ်။ သူဟာ ငယ်ရွယ်တဲ့အသင်းကို အောင်မြင်မှုတွေ ရအောင် ဦးဆောင်နိုင်ခဲ့တာပါ။ ဘာစီလိုနာအကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာအသင်းရဲ့နည်းလမ်းအတိုင်း ကစားနိုင်ဖို့ စိတ်အားထက်သန်နေပြီး ပရိသတ်တွေရှေ့မှာ ကစားနိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ"လို့ ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းအတွက် ၂၀၁၆ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ကာ အသင်းအတွက် (၄၂၆) ပွဲမှာ (၁၃၈) ဂိုး သွင်းယူခဲ့ကာ အသင်းနဲ့အတူ ဆုဖလား (၅) လုံး ရယူနိုင်ခဲ့ပါတယ်။

သူဟာ ဂယ်ရီလိုင်နီကာပြီးနောက် ဘာစီလိုနာအသင်းကို ရောက်ရှိလာတဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားဖြစ်ပြီး ဘာစီလိုနာအသင်းမှာ ယိုဟန်ခရိုက်ဖ်နဲ့ အွန်နရီတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄) ကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group