
အင်တာမီလန်ကွင်းလယ်ကစားသမား ချာဟာနိုဂလူးက သူ့အနေနဲ့ အသင်းမှာ ဆက်နေလိုကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် (၃၁) နှစ်အရွယ် တူရကီလက်ရွေးစင်အသင်းခေါင်းဆောင် ချာဟာနိုဂလူးဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ အခုနွေမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်နေတာပါ။
ချာဟာနိုဂလူးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာကြောင့် ပါဝင်ကစားခြင်းမရှိတာကြောင့် အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရတာပါ။
ဒါကြောင့် သူ့အနေနဲ့ အခုနွေမှာ တူရကီကလပ် ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ချာဟာနိုဂလူးက သူ့အနေနဲ့ အင်တာမီလန်မှာ ဆက်နေလိုတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချာဟာနိုဂလူးက "ကျွန်တော်က အင်တာမီလန်အသင်းရဲ့ ကစားသမားဖြစ်ပြီး ဒီအသင်းမှာ ဆက်နေချင်တယ်လို့ အမြဲတမ်းပြောဆိုခဲ့တာပါ။ လာမယ့်နှစ်တွေမှာ ဘယ်လိုဖြစ်မလာဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ အင်တာမီလန်အသင်းနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ ဖြစ်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
ဆက်ပြီးတော့ ချာဟာနိုဂလူးက သူ့ကို ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်နဲ့ ပြဿနာမရှိကြောင်းနဲ့ သူတို့ဟာ ရင့်ကျက်တဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတွေဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။