Eleven Media Group

■ မန်ချက်စတာယူနိုက်တက်အသင်းအကြောင်း မကောင်းပြောစရာ မရှိဘူးလို့ ရပ်ရှ်ဖို့ဒ် ဆို

Photo: Reuters

ဘာစီလိုနာအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းအကြောင်း မကောင်းပြောစရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပေမဲ့ နည်းပြ အာမိုရင်မ်လက်ထက်မှာ ၂၀၂၄ ဒီဇင်ဘာကစပြီး ပွဲကစားရခြင်းမရှိတော့ဘဲ အက်စတွန်ဗီလာအသင်းဆီ အငှားသွားရောက်ကစားခဲ့ရသလို၊ အခုလည်း ဘာစီလိုနာအသင်းထံ တစ်ရာသီအငှားချခံရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို အငှားစာချုပ်ပြည့်ပါက ၂၀၂၆ နွေရာသီမှာ ပေါင် (၃၀.၃) သန်း (ယူရို ၃၅ သန်း)နဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတယ်လို့ သိရပါတယ်။

ဘာစီလိုနာကို အငှားနဲ့ပြောင်းရွှေ့ပြီးနောက် ရပ်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်အသင်းအကြောင်း မကောင်းပြောစရာ မရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်က "မန်ချက်စတာယူနိုက်တက်အသင်းက ပြုပြင်ပြောင်းလဲဆဲကာလမှာ ရှိနေတာပါ။ ကျွန်တော့်အနေနဲ့ မန်ချက်စတာယူနိုက်တက်အကြောင်း မကောင်းပြောစရာ မရှိပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကျွန်တော့်ကစားသမားဘဝသာမက ကျွန်တော့်ဘဝမှာပါ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားခွင့်ရခဲ့တာကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘောလုံးကလည်း ကျွန်တော်တို့ဘဝတွေလိုပါပဲ။ အရာရာတိုင်းက ကျွန်တော်တို့ ထင်ထားသလောက် မရိုးရှင်းပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပတ်သက်လို့ ကျွန်တော့်မှာ ပြောစရာမရှိပါဘူး။ အနာဂတ်မှာ သူတို့ အောင်မြင်မှုတွေ ရဖို့ ဆန္ဒပြုပါတယ်"လို့ ပြောကြားခဲ့တာပါ။

ရပ်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ၂၀၁၆ ခုနှစ်က ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် စတင်ပွဲထွက်ခဲ့ပြီး အသင်းအတွက် (၄၂၆) ပွဲမှာ (၁၃၈) ဂိုးသွင်းယူခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group