Eleven Media Group

■ အေဂျက်စ်နောက်ခံကစားသမား ဟာတိုကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီး နီးစပ်

ချယ်လ်ဆီးအသင်းဟာ အေဂျက်စ်နောက်ခံကစားသမား ဟာတိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘယ်နောက်ခံနေရာမှသာမက ဗဟိုခံစစ်မှူးအဖြစ်ပါ ကစားနိုင်တဲ့ ဟာတိုကို ခေါ်ယူဖို့ အခုအခါ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

အသက် (၁၉) နှစ်အရွယ် နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား ဟာတိုအနေနဲ့ ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့ခွင့်ပေးဖို့ အေဂျက်ဇ်အသင်းကို တောင်းဆိုထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

Goal.com ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဟာတိုကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) နဲ့ ခေါ်ယူဖို့အတွက် အေဂျက်စ်အသင်းနဲ့ ဆွေးနွေးနေပြီး တိုးတက်မှု ရှိနေတယ်လို့လည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီမှာ ဒီလပ်၊ ဂျော်အိုပတ်ဒရို၊ ဂစ်တန်စ်တို့အပါအဝင် ကစားသမားသစ် (၈) ဦးကို ပေါင်သန်း (၂၃၀) နီးပါးအထိ အသုံးပြုခေါ်ယူထားတာပါ။

ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ စီစဉ်နေပြီး ဟာတိုအပြင် လိုက်ပ်ဇစ်အသင်းက နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group