
Futsal Champion Cup 2025 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံမှာကျင်းပရာ လက်ရှိချန်ပီယံ MIU အသင်းနဲ့ Winner Generations အသင်း အသင်း ဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ MIU အသင်းက TG United အသင်းကို (၅-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး Winner Generations အသင်းနဲ့ YRG အသင်းပွဲမှာ ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေလို့ ပယ်နယ်တီနဲ့ ဆုံးဖြတ်ရာ Winner Generations အသင်းက (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
လက်ရှိချန်ပီယံ MIU အသင်းဟာ ဂိုးပြတ်ရလဒ်နဲ့ ဗိုလ်လုပွဲ ထပ်မံတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လေးမိနစ်မှာ ချစ်စမ်းမောင်က TG United အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဂိုးတွေပြန်ပေးခဲ့ရလို့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။
MIU အသင်းအတွက် ချေပဂိုးကို ခုနစ်မိနစ်မှာ မျိုးသက်အောင်ကသွင်းယူပြီး အနိုင်ဂိုးတွေကို ၁၄၊ ၃၉ မိနစ်တွင် စိုင်းစည်သူ၊ ၁၉ မိနစ်တွင် မင်းခန့်သူနှင့် ၃၈ မိနစ်တွင် သက်ထွန်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
Winner Generations အသင်းရဲ့ အခုပြိုင်ပွဲ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ပြီး ပြည်တွင်း၊ ပြည်ပကစားသမားသစ်တွေ ခေါ်ယူထားတဲ့ YCDC MHDT အသင်းကို ကွာတားဖိုင်နယ်၊ YRG အသင်းကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
အောင်မြင်မှုတွေရယူနိုင်ဖို့ ပြင်ဆင်မှုများစွာ ပြုလုပ်ထားတဲ့ YRG အသင်းကတော့ ပယ်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့လို့ တတိယလုပွဲပဲ ကစားရတော့မှာဖြစ်ပါတယ်။ ပယ်နယ်တီကန်သွင်းရာမှာ Winner Generations ဂိုးသမား လက်စွမ်းပြခဲ့ပြီး YRG သွင်းယူတဲ့ ပယ်နယ်တီ လေးလုံးမှာ သုံးလုံးအထိ ကာကွယ်နိုင်ခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်မှာ တတိယလုပွဲအဖြစ် TG United အသင်းနဲ့ YRGအသင်း၊ ဗိုလ်လုပွဲအဖြစ် MIU အသင်းနှင့် Winner Generations အသင်း ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။