
လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်အသင်းက ပြင်သစ်တိုက်စစ်မှူး အီကီတိုက်ကို ခေါ်ယူပြီးပေမဲ့ နယူးကာဆယ်အသင်းက ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ထပ်မံခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ အကြီးစားအားဖြည့်မှုတွေ ပြုလုပ်လျက်ရှိပြီး ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင်သန်း(၃၀၀)နီးပါး အသုံးပြုထားပါပြီ။
ဒါပေမဲ့ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ စီစဉ်နေဆဲဖြစ်ပြီး အီဆက်ခ်ကတော့ သူတို့ရဲ့ လျှို့ဝှက်အစီအစဉ်ဖြစ်တယ်လို့ မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
အစောပိုင်းမှာတုန်းက လီဗာပူးလ်အသင်းဟာ အီဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးမြင့်မားမှုကြောင့် အီကီတိုက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြပေမဲ့ လက်ရှိအချိန်မှာတော့ ဆာလာ၊ အီကီတိုက်နဲ့ အီဆက်ခ်တို့ကို တိုက်စစ်မှာ တွဲဖက်အသုံးပြုဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ကိုလံဘီယာတောင်ပံကစားသမား ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းဆီ ထွက်ခွာခွင့်ပြုရဖို့ နီးစပ်လာတာကြောင့်လည်း အခုလို စီစဉ်ခြင်းဖြစ်နိုင်ပါတယ်။
အီဆက်ခ်ကလည်း နယူးကာဆယ်က ထွက်ခွာချင်နေပြီး လီဗာပူးလ်အသင်းက ပေါင်သန်း(၁၃၀)နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။