
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ အမှုဆောင်ချုပ် မာ့ခ်ဘူလင်ဂမ်က အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြ ဆရီနာဝိဂ်မန်းကို ဘယ်စျေးပေးပေး ရောင်းထုတ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆရီနာဝိဂ်မန်း(၅၅ နှစ်)ဟာ အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကို ၂၀၂၁ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု၊၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး လက်ရှိကျင်းပနေတဲ့ ၂၀၂၅ အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်ပေးထားပါတယ်။
ဆရီနာဝိဂ်မန်းဟာ အင်္ဂလန်မတိုင်ခင် နယ်သာလန်အမျိုးသမီးအသင်းကို ကိုင်တွယ်တုန်းကလည်း ၂၀၁၇ အမျိုးသမီးယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု၊ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
ဒါကြောင့် ပြိုင်ပွဲကြီး(၅)ခုဆက်တိုက် ဗိုလ်လုပွဲရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး အမျိုးသားနည်းပြတွေထဲမှာတောင် သူ့လို စွမ်းဆောင်နိုင်သူမရှိခဲ့ပါဘူး။
ဒါကြောင့် ဘူလင်ဂမ်က ဆရီနာဝိဂ်မန်းကို ပိုင်ဆိုင်ခွင့်ရတာဟာ အင်္ဂလန်အသင်းအတွက် ကံကောင်းမှုဖြစ်ကြောင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ၂၀၂၇ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမှာဖြစ်ကြောင်း၊ စပိန်နဲ့ ယှဉ်ပြိုင်ရမယ့် ယူရို-၂၀၂၅ ဗိုလ်လုပွဲမှာလည်း ချန်ပီယံဆုရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။