
ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တာက အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မန်ယူတစ်သင်းတည်းမှာသာ ကစားခွင့်ရတဲ့ One club man ဖြစ်ချင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ အသက်(၇)နှစ်အရွယ်ကတည်းက မန်ယူအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၁၅-၁၆ ရာသီမှာ အသင်းကြီးရဲ့ကစားသမားဖြစ်လာခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၆-၁၇ ရာသီကစပြီး မန်ယူအသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ လက်ရှိနည်းပြ အာမိုရင်မ် ရောက်ရှိလာတဲ့နောက်မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းမကျတာကြောင့် အက်စတွန်ဗီလာအသင်းဆီ အငှားချခံခဲ့ရပါတယ်။
အခုနွေရာသီိမှာတော့ ဘာစီလိုနာအသင်းဆီ တစ်ရာသီအငှားချခဲ့တာဖြစ်ပြီး ရာသီကုန်ချိန်မှာ အပြီးသတ်ရောင်းချမယ့် သဘောတူညီချက်လည်း ပါဝင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းကို ရပ်ရှ်ဖို့ဒ် ရောက်ရှိလာခြင်းနဲ့ ပတ်သက်ပြီး လာပေါ်တာက ''ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိပ်တန်းအရည်အသွေးရှိတဲ့ကစားသမားတစ်ယောက်က တကယ်ကောင်းတဲ့အသက်အရွယ်မှာ ကျွန်တော်တို့အသင်းကို ရောက်ရှိလာတာကြောင့်ပါ။ သူ ဘယ်လောက်စိတ်လှုပ်ရှားနေသလဲဆိုတာကိုလည်း မြင်တွေ့ရပါတယ်။ သူက ကစားသမားဘဝတစ်လျှောက်လုံး မန်ယူအသင်းမှာပဲကစားဖို့ အိပ်မက်မက်ခဲ့သူပါ။ သူက One club man ဖြစ်ချင်တဲ့သူပါ'' လို့ ပြောကြားခဲ့ပါတယ်။