
သံဖြူဇရပ်မြို့နယ် ကရင်သောင်ကျေးရွာတွင် ၁၃ နှစ်အရွယ် Grade – 7 ကျောင်းသားတစ်ဦးအား ရိုက်နှက်ကာ မော်တော်ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အဆိုပါ ကရင်သောင်ကျေးရွာ ဂျောင်ပိုင်းရပ်တွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် Grade – 7 ကျောင်းသားမှာ ကျေးရွာအနီး ဆိုင်ကယ်မောင်းနှင်လာစဉ် လမ်းတွင် အမည်မသိအမျိုးသား နှစ်ဦးမှ ပိတ်ရပ်ကာ ၎င်းတို့အား ၎င်းတို့နေထိုင်ရအိမ်သို့ ပို့ဆောင်ခိုင်းခဲ့ကြောင်းနှင့် ထိုသို့ ပို့ဆောင်ပေးစဉ် လူပြတ်သည့်နေရာအရောက်တွင် ထိုအမျိုးသား နှစ်ဦးမှ ဆိုင်ကယ်ရပ်ခိုင်းပြီးနောက် ထိုကျောင်းသားအား ရော်ဘာခြံအတွင်းခေါ်ယူသွားပြီးနောက် ကျောက်ခဲနှင့် ထုရိုက်ကာ ပစ်ထားခဲ့ပြီး မော်တော်ဆိုင်ကယ်အား လုယက်ကာ မောင်းနှင်ထွက်ပြေးသွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ကလေးမှာက ကျောက်တုံးနဲ့ အထုခံထားရလို့ လက်တွေကျိုးတယ်။ ခေါင်းမှာလည်း ကွဲတယ်။ အခင်းဖြစ်တဲ့နေရာအနီးမှာ ကလေးရဲ့ ဘကြီးအိမ်ရှိတော့ ကလေးက အဲ့ဒီအိမ်ကို ရောက်အောင်သွားပြီးတော့မှ မေ့လဲကျသွားတာ။ ကလေးကို ထုရိုက်ပြီး ဆိုင်ကယ်လုပြေးသွားသူတွေကို ကလေးက မှတ်မိတယ်” ဟု ပြောကြားသည်။
ရိုက်နှက်ခံထားရသည့် ကလေးအား သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးထားကြောင်း ၎င်းဒေသခံက ဆိုသည်။
ရိုက်နှက်ခံရပြီး မော်တော်ဆိုင်ကယ် လုယက်ခံခဲ့ရသည့် Grade – 7 ကျောင်းသားတွင် ရရှိထားသော ဒဏ်ရာများမှာ စိုးရိမ်ရသည့်အတွက်ကြောင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်သို့ ထပ်မံပို့ဆောင်ပေးထားရကြောင်းလည်း သိရသည်။
မွန်ပြည်နယ်အတွင်း လုယက်မှုမကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် ညပိုင်းအချိန်က မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်တွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအား ဆိုင်ကယ်စီးလာသည့် အမျိုးသား သုံးဦးက လုယက်သွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အလားတူ ဇူလိုင် ၅ ရက်ကလည်း မော်လမြိုင်မြို့ သီရိမင်္ဂလာရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကိုလည်း အမျိုးသားတစ်ဦးမှ လုယက်ထွက်ပြေးသွားကြောင်းနှင့် ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကျူးလွန်သူများအား ယနေ့အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ဘိုဘိုမြင့်
Photo Credit - CJ