
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂစ်ဝှိုက်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ဂစ်ဝှိုက်ရဲ့ မူလစာချုပ်က သက်တမ်း(၂)နှစ်ကျန်ရှိနေသေးပေမဲ့ စပါးအသင်းက သူ့ကို လျော်ကြေးစာချုပ်တန်ဖိုး ပေါင်သန်း(၆၀)နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တာကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းက (၃)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာပါ။
ဂစ်ဝှိုက်ဟာ စပါးအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိခဲ့ပြီး ဆေးစစ်ဖို့တောင် ပြင်ဆင်ခဲ့တယ်လို့လည်း သိရပါတယ်။
နော်တင်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီးနောက်မှာတော့ ဂစ်ဝှိုက်က ''ဒီအသင်းကို စရောက်ချိန်ကတည်းက ဖောရက်စ်ဟာ ကျွန်တော့်ရဲ့အိမ်လိုမျိုး ခံစားခဲ့ရပါတယ်။ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးကူညီမှုကလည်း မယုံနိုင်အောင်ပါပဲ။ အသင်းပိုင်ရှင်ရဲ့ ရည်မှန်းချက်တွေကိုလည်း ယုံကြည်မှုရှိပါတယ်။ ရာသီတိုင်းမှာ ပိုပြီးတောင့်တင်းတဲ့အသင်းဖြစ်အောင် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီနွေမှာ ကစားသမားသစ်(၂)ဦးသာ ခေါ်ယူအားဖြည့်ထားရသေးကြောင်း သိရပါတယ်။