
လီဗာပူးလ်အသင်းရဲ့နည်းပြ အာနယ်ဆလော့က အေစီမီလန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမှာ လူးဝစ်ဒီယက်ဇ် မပါဝင်ခဲ့တာဟာ အပြောင်းအရွှေ့ကိစ္စတွေကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အာရှကို ခြေစမ်းခရီးထွက်ခွာရာမှာ ကိုလံဘီယာတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူခဲ့ပေမဲ့ စနေနေ့က အေစီမီလန်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ အသုံးမပြုခဲ့တာပါ။
အဲဒီပွဲမှာ လီဗာပူးလ်အသင်းက အေစီမီလန်အသင်းကို (၂-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေပေမဲ့ ဒီနွေမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။
လူးဝစ်ဒီယက်ဇ်ကို အပြောင်းအရွှေ့ကာလအစောပိုင်းတုန်းက ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ယူရို(၆၇.၅)သန်းနဲ့ ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရတာကြောင့် ကြေးတိုးမြှင့်ပြီး ထပ်ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
''သူနဲ့ ပတ်သက်ပြီး ကောလာဟလသတင်းတွေအများကြီး ထွက်ပေါ်နေပါတယ်။ လေ့ကျင့်မှုမှာ သူတကယ်ကောင်းမွန်နေပေမဲ့ ဒီလိုအခြေအနေမှာ သူ့ကို မကစားစေဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်တာပါ'' လို့ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။