
မန်ယူနည်းပြ အာမိုရင်မ်က တိုက်စစ်မှူး အမ်ဘူမိုအနေနဲ့ အဲဗာတန်နဲ့ပွဲမှာမှ အသင်းအတွက် ပွဲထွက်ကစားဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာတဲ့ ကင်မရွန်းတိုက်စစ်မှူး အမ်ဘူမိုဟာ မန်ယူအသင်းနဲ့အတူ အမေရိကန်ခြေစမ်းခရီးကို လိုက်ပါသွားပေမဲ့ ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မပါဝင်ခဲ့ပါဘူး။
ကြံ့ခိုင်မှုပိုင်း လိုအပ်ချက်ရှိနေသေးတာကြောင့် ဘုန်းမောက်နဲ့ပွဲမှာလည်း ပါဝင်နိုင်ဦးမှာမဟုတ်ဘဲ အဲဗာတန်နဲ့ပွဲမှာမှ ပွဲထွက်ကစားနိုင်ဖွယ်ရှိတယ်လို့ အာမိုရင်မ်က ပြောကြားခဲ့တာပါ။
'' နောက်တစ်ပွဲမှာလည်း သူ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ နောက်ဆုံးပွဲမှာတော့ ဘရိုင်ယန် ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ အခုတော့ လေ့ကျင့်မှုတော့ လုပ်နေပါပြီ။ ဒါကြောင့် စောင့်ကြည့်ရမှာပါ'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါ တယ်။
မန်ယူအသင်းဟာ အမေရိကန်မှာ Premier League Summer Series ပွဲစဉ်အဖြစ် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်တို့နဲ့ (၄)သင်းပတ်လည် ယှဉ်ပြိုင်ကစားနေပြီး အဖွင့်ပွဲမှာ မန်ယူက ဝက်စ်ဟမ်းကို အနိုင်ရခဲ့သလို၊ ဘုန်းမောက်ကလည်း အဲဗာတန်ကို (၃-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။