Eleven Media Group

ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်မရှိတော့ဘူးလို့ လာပေါ်တာ ပြောကြား

Photo: X

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ လာပေါ်တာက ဒီနွေမှာ ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ စပိန်ဂိုးသမား ဟွမ်ဂါစီယာနဲ့ ဆွီဒင်တိုက်စစ်မှူး ဘတ်ဂျီတို့ကို အပြီးသတ်ခေါ်ယူခဲ့ပြီး အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။
ဒါကြောင့် ဘာစီလိုနာပရိသတ်တွေက ထိပ်တန်းကစားသမားတွေ ထပ်မံခေါ်ယူဖို့ မျှော်လင့်နေပေမဲ့ လာပေါ်တာက Mundo Deportivo နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ကစားသမားသစ် ထပ်ခေါ်ဖွယ်မရှိတော့ဘူးလို့ ပြောကြားခဲ့တာပါ။
''မူအားဖြင့်ကတော့ ကစားသမားသစ် ထပ်မခေါ်တော့ပါဘူး။ ကျွန်တော်တို့မှာ ပြည့်စုံတဲ့ အသင်းတစ်သင်းရှိနေပြီး နည်းပြကလည်း အရန်အသင်းက ကစားသမားကိုပဲ ခေါ်ယူအားဖြည့်ချင်ပါတယ်။ ကစားသမားကောင်းတွေ မဆုံးရှုံးအောင်တော့ ကျွန်တော်တို့ ကြိုးစားရမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
လာပေါ်တာက လာမယ့်ရာသီအတွက် ရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group