
ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒဏ်ရာပြဿနာနဲ့ မကြာခဏရင်ဆိုင်နေရတဲ့ သြစတြီးယားနောက်ခံလူ အလာဘာကို စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အလာဘာ(၃၃ နှစ်)ဟာ ၂၀၂၁ နွေရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲပြီး ရီးယဲလ်အသင်းကို ရောက်လာခဲ့တာပါ။
အလာဘာဟာ ၂၀၂၃ ဒီဇင်ဘာမှာပဲ ACL ဒဏ်ရာကြောင့် ရက်ပေါင်း(၄၀၀)နီးပါး အနားယူခဲ့ရပြီး ၂၀၂၅ ဇန်နဝါရီမှာမှ ပြန်ကစားနိုင်ခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာလည်း ဒဏ်ရာထပ်ရခဲ့ပါသေးတယ်။
အလာဘာဟာ ရီးယဲလ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားပြီး အသင်းမှာ ဘာပေနဲ့ ဗင်နီစီယပ်စ်တို့ရဲ့နောက် တတိယလစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာကြောင့် ရီးယဲလ်အသင်းက စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက အစောပိုင်းမှာတုန်းက အလာဘာကို ရောင်းထုတ်တာ ဒါမှမဟုတ် အငှားချတာ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့် စာချုပ်ဖျက်သိမ်းဖို့သာ ကြိုးပမ်းလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အလာဘာကတော့ စာချုပ်ကုန်တဲ့အထိ ရီးယဲလ်မှာဆက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။