Eleven Media Group

အမျိုးသမီးယူရိုပြိုင်ပွဲ(၃)ကြိမ်ဆက် ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် ဆရီနာဝိဂ်မန်း မှတ်တမ်းဝင်

Photo: X

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြ ဆရီနာဝိဂ်မန်းဟာ အမျိုးသမီးယူရိုပြိုင်ပွဲ(၃)ကြိမ်ဆက် ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
နယ်သာလန်အမျိုးသမီးလက်ရွေးစင်ကစားသမားဟောင်း ဆရီနာဝိဂ်မန်းဟာ နယ်သာလန်အမျိုးသမီးအသင်းရဲ့နည်းပြအဖြစ် အမျိုးသမီးယူရို-၂၀၁၇ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ အင်္ဂလန်အမျိုးသမီးအသင်းရဲ့နည်းပြအဖြစ် အမျိုးသမီးယူရို-၂၀၂၂ နဲ့ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် ယူရိုပြိုင်ပွဲ(၃)ကြိမ်ဆက် ချန်ပီယံဆုရယူနိုင်သူ ဖြစ်လာခဲ့တာပါ။
ဆရီနာဝိဂ်မန်း မတိုင်ခင်မှာ ဒီလိုစွမ်းဆောင်နိုင်ခဲ့သူကတော့ ဂျာမန်နည်းပြတီးနာတူးနီဖြစ်ပြီး ဂျာမန်အမျိုးသမီးအသင်းကို ၁၉၉၇၊ ၂၀၀၁ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ (၃)ကြိမ်ဆက် ချန်ပီယံဆု ရယူပေးခဲ့တာဖြစ်ပါတယ်။
ဆရီနာဝိဂ်မန်းကတော့ အမျိုးသမီးယူရိုနဲ့ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲနှစ်ရပ်မှာ ဗိုလ်လုပွဲ (၅)ကြိမ်ရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြအဖြစ်လည်း စံချိန်တင်ထားပါတယ်။
အင်္ဂလန်အသင်းဟာ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲမှာ ရှုံးပွဲနဲ့စတင်ခဲ့ပြီးမှ ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်တာကြောင့် မယုံနိုင်စရာကောင်းတဲ့အောင်ပွဲ ဖြစ်တယ်လို့ ဆရီနာဝိဂ်မန်းက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group