
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို ခေါ်ယူပြီးနောက် ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး ယူရို (၂) ဘီလီယံကျော် သုံးစွဲတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
အသက် (၅၄) နှစ်အရွယ် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ပြီး နည်းပြလောကကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ နည်းပြဘဝတစ်လျှောက် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်နေတာဖြစ်ပြီး အဲဒီကာလအတွင်း ကစားသမားခေါ်ယူမှုတွေအတွက် ပြောင်းရွှေ့ကြေး ယူရို (၂) ဘီလီယံကျော် အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဂွါဒီယိုလာဟာ ဘောလုံးသမိုင်းမှာ ပြောင်းရွှေ့ကြေး (၂) ဘီလီယံအမှတ်ကို ကျော်လွန်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဂွါဒီယိုလာပြီးနောက် ပြောင်းရွှေ့ကြေးသုံးစွဲမှုအများဆုံးအဖြစ် အက်သလက်တီကိုနည်းပြ ဆီမြွန်နီက ယူရို (၁.၃၁) သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အေစီမီလန်နည်းပြ အယ်လီဂရီက ယူရို (၁.၂) ဘီလီယံနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
မန်စီးတီးအသင်းဟာ အခုနွေမှာ ရိုင်ဒါစ်(ပေါင် ၄၆ သန်း)၊ အစ်နူရီ (ပေါင် ၃၁.၇ သန်း)၊ ချယ်ကီ (ပေါင် ၃၄ သန်း)ကို ခေါ်ယူထားသလို အခု အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကိုလည်း Add-ons ကြေးအပါအဝင် ပေါင် (၃၁) သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။