
MNL အသင်းကြီး နှစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ လာမယ့်ရာသီအတွက် နိုင်ငံခြားသားကစားသမားတွေကို အပြိုင်အဆိုင် ဖြည့်တင်းမှုတွေ ပြုလုပ်နေလျက်ရှိကြပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယား အန်ကောတိုက်ဂါးအသင်းက ဂျပန်နောက်ခံလူ အဆာနိုရှုတိုကို တစ်နှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူလိုက်ပါတယ်။ ဂျပန်ကစားသမား အဆာနိုရှုတိုဟာ အရပ် (၆) ပေရှိပြီး ဂျပန်၊ ကမ္ဘောဒီးယားတွေအပြင် ဂျာမနီနဲ့ လစ်သူရေးနီးယားကလပ်တွေမှာပါ ကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ အခုဆိုရင် နိုင်ငံခြားသားကစားသမား ခေါ်ယူထားတာ (၅) ဦးရှိသွားပြီဖြစ်ပြီး ဂျပန်ကစားသမား (၃) ဦး၊ ကင်မရွန်းကစားသမား (၂) ဦးတို့ကို ဖြည့်တင်းထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ မနေ့ကပဲ ထိုင်းကလပ် ဖာရေးယူနိုက်တက်အသင်းက ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား မားသီးယပ်စ်ဆိုဇာကို တစ်ရာသီစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
မားသီးယပ်စ်ဟာ ဘရာဇီးလ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှားကလပ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားသမားဖြစ်ပါတယ်။ ရှမ်ယူနိုက်တက်အသင်းဟာ အခုဆိုရင် လာမယ့်ရာသီ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲတွေအတွက် နိုင်ငံခြားသားကစားသမားခေါ်ယူထားတာ (၆) ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ရှမ်းယူနိုက်တက်အသင်းသမိုင်းမှာ နိုင်ငံခြားသားကစားသမား အများဆုံးခေါ်ယူထားတဲ့စံချိန်ဖြစ်ပါတယ်။