Eleven Media Group

■ လီဗာပူးလ်မှာ ကစားခဲ့တာကို ထာဝရအမှတ်ရနေမယ်လို့ ဒီယက်ဇ် ပြောကြား

Photo: FC Bayern München

ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကိုလံဘီယာတိုက်စစ်ကစားသမား ဒီယက်ဇ်က လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ကာလတွေကို ထာဝရတန်ဖိုးထားအမှတ်ရနေမယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၈) နှစ်အရွယ် ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ (၃) နှစ်ခွဲကြာကာ ကစားပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် (၆၅.၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ပြီးနောက် ဒီယက်ဇ်က သူ့အနေနဲ့ လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ကာလတွေကို ထာဝရတန်ဖိုးထားအမှတ်ရနေမယ်လို့ ပြောကြားခဲ့တာပါ။

ဒီယက်ဇ်က "လီဗာပူးလ်မှာ ကစားခဲ့တဲ့ (၃) နှစ်ခွဲတာကာလကို ကျွန်တော် ထာဝရတန်ဖိုးထားအမှတ်ရနေမှာပါ။ ကျွန်တော်ဟာ အိပ်မက်တွေအပြည့်နဲ့ လီဗာပူးလ်ကို ရောက်လာခဲ့ပြီး ကျွန်တော်တို့အတူတကွ ရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့အတူ လီဗာပူးလ်ကနေ ဂုဏ်ယူစွာနဲ့ ထွက်ခွာနိုင်ခဲ့ပါတယ်။ လီဗာပူးလ်မှာ အရမ်းကောင်းတဲ့ လူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ နည်းပြတွေ၊ အရမ်းကောင်းတဲ့ ပရိသတ်တွေနဲ့ တွေ့ခဲ့ရပါတယ်။ လီဗာပူးလ်နဲ့ပတ်သက်တဲ့ လူတိုင်းကို ကျွန်တော့်နှလုံးသားမှာ အမြဲအမှတ်ရနေမှာပါ။ အခုတော့ ရေစက်ကုန်ဆုံးခဲ့ပါပြီ။ ဒီတော့ အမှတ်တရတွေအဖြစ် ကျန်ခဲ့ပြီဖြစ်ပြီး ပြန်လည်စဉ်းစားကြည့်တိုင်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ဖြစ်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဒီယက်ဇ်က ဇူလိုင် (၃) ရက်က ယာဉ်တိုက်မှုနဲ့ မထင်မှတ်ဘဲ ကွယ်လွန်ခဲ့ရတဲ့ ဂျိုတာရဲ့ အဖြစ်ဆိုးနဲ့သာ မကြုံခဲ့ရဘူးဆိုရင် လီဗာပူးလ်နဲ့ ခွဲခွာမှုက ပြီးပြည့်စုံလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီယက်ဇ်က "တာဝန်အပြည့်အဝထမ်းဆောင်ခဲ့တယ်ဆိုတဲ့ ခံစားချက်နဲ့ ထွက်ခွာရတာ အရမ်းကောင်းပါတယ်။ အထူးသဖြင့် ချန်ပီယံအနေနဲ့ ထွက်ခွာရတာက အရမ်းကောင်းပါတယ်။ ကံဆိုးမိုးမှောင်ကျမှုကြောင့် ကျွန်တော်တို့ထဲက တစ်ယောက်ကို မဆုံးရှုံးခဲ့ရဘူးဆိုရင် ကျွန်တော့်ရဲ့ ခွဲခွာမှုက ပြီးပြည့်စုံတဲ့ ခွဲခွာမှုဖြစ်ပါလိမ့်မယ်။ ကျွန်တော် ထပ်ပြောပါမယ်။ လီဗာပူးလ်နဲ့ပတ်သက်တဲ့သူတွေအားလုံးကို ကျွန်တော့်နှလုံးသားထဲမှာ သယ်ဆောင်သွားမှာပါ။ အထူးသဖြင့် သူတို့ထဲက တစ်ယောက်ဖြစ်တဲ့ ဒီယိုဂို(ဂျိုတာ)ကိုတော့ ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒီယက်ဇ်ဟာ ၂၀၂၂ ဇန်နဝါရီမှာ ပေါ်တိုအသင်းကနေ လီဗာပူးလ်ကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၈) ပွဲမှာ (၄၁) ဂိုးသွင်းယူခဲ့တာပါ။ သူဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် (၁) ကြိမ်၊ FA ဖလား (၁) ကြိမ်၊ လိဂ်ဖလား (၂) ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၁) ကြိမ် ရရှိခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group