Eleven Media Group

■ ယမားလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ဂွါဒီယိုလာ ဆို

Photo: Getty Images

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်ကို Ballon d'Or စံချိန်တင် (၈) ကြိမ်ပိုင်ရှင် မက်ဆီနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်က မက်ဆီနဲ့အတူ ချန်ပီယံလိဂ်ဖလား (၂) ကြိမ်အပါအဝင် ဆုဖလားများစွာ ရယူနိုင်ခဲ့တာပါ။

လက်ရှိမှာ ဘောလုံးပရိသတ်အများစုက ယမားလ်ဟာ မက်ဆီပြီးနောက် ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်အကယ်ဒမီထွက် ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိနေသလို ယမားလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ယမားလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး GQ မဂ္ဂဇင်းရဲ့ မေးမြန်းမှုကို ဂွါဒီယိုလာက လက်ရှိမှာ နှိုင်းယှဉ်လို့မရဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက "ယမားလ်အနေနဲ့ သူ့ရဲ့ကစားသမားဘဝကို အကောင်းဆုံးရှေ့ဆက်ပါစေ။ သူ (၁၅) နှစ်လောက် ကစားပြီးတဲ့အခါ သူ အကောင်းဆုံးလားဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ကြတာပေါ့။ သူ့အနေနဲ့ သူ့ကစားသမားဘဝကို ကောင်းကောင်းဖြတ်သန်းပါစေ။ သူ့ကို မက်ဆီနဲ့ နှိုင်းယှဉ်ပြီးပြောဆိုနေကြတာတွေက တကယ့်ပြဿနာဖြစ်ပြီး ပန်းချီဆရာတစ်ယောက်ကို ဗင်းဆင့်ဗန်ဂိုးနဲ့ နှိုင်းယှဉ်နေကြသလိုပါပဲ။ သူ သိပ်မဆိုးပါဘူး။ သူ ကောင်းပါတယ်ဆိုပြီး ပြောကြသလိုမျိုးပေါ့"လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group