Eleven Media Group

■ အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄) ကို ရွေးချယ်ခဲ့ခြင်းအတွက် ယိုကယ်ရက်စ် ရှင်းလင်း

အာဆင်နယ်တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်က အသင်းဂန္ထဝင် အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄) ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပေမဲ့ အွန်နရီနဲ့ နှိုင်းယှဉ်လိုခြင်းမရှိဘူးလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

အသက် (၂၇) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ အခုနွေမှာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းကနေ အာဆင်နယ်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းအပါအဝင် Add-ons ကြေးတွေ ထည့်တွက်မယ်ဆိုရင် ပေါင် (၆၃.၅) သန်းအထိ ရှိလာနိုင်တဲ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းမှာ အသင်းဂန္ထဝင်တိုက်စစ်မှူး အွန်နရီ ဝတ်ဆင်ခဲ့တဲ့ နာမည်ကျော် ကျောနံပါတ် (၁၄) ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပြီး လက်ရှိမှာ သူ့နာမည်နဲ့ ကျောနံပါတ် (၁၄) ပါ ဂျာစီဟာ စံချိန်တင်ရောင်းချနေရတယ်လို့ သိရပါတယ်။

အခု ယိုကယ်ရက်စ်က သူ့အနေနဲ့ အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄) ကို ရွေးချယ်ခဲ့ပေမဲ့ ကိုယ်ပိုင်စွမ်းရည်ကို ပြသသွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"အာဆင်နယ်မှာ ကျောနံပါတ် (၁၄) ရဲ့ သမိုင်းကို ကျွန်တော် သိပါတယ်။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် အာဆင်နယ်အသင်းမှာ ရွေးချယ်စရာ နံပါတ်အများကြီး မရှိပါဘူး။ ကျောနံပါတ် (၁၄) လွတ်နေတာကြောင့် ကျွန်တော် ရွေးချယ်ခဲ့တာပါ။ ဒါက လွယ်ကူတဲ့ ရွေးချယ်မှုပါပဲ။ ကျောနံပါတ် (၁၄) ကို ရွေးချယ်ခဲ့တာကြောင့် ကျွန်တော့်ကို အွန်နရီနဲ့ နှိုင်းယှဉ်ကြမလားတော့ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အဲဒီလိုနှိုင်းယှဉ်ခံချင်လို့ ကျောနံပါတ် (၁၄) ကို ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို ပြသချင်ပါတယ်။ အွန်နရီက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး သူနဲ့ ကျွန်တော်က ကစားဟန်ကွဲပြားခြားနားပါတယ်။ ကျွန်တော်ကတော့ ကျွန်တော် လုပ်တတ်တာကိုပဲ လုပ်သွားမှာပါ"လို့ ယိုကယ်ရက်စ်က ပြောကြားခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီဟာ အာဆင်နယ်အသင်းမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ဖူးသလို၊ ၂၀၁၂ ခုနှစ်မှာလည်း အငှားနဲ့ လာရောက်ကစားခဲ့သေးတာပါ။ သူဟာ အာဆင်နယ်အသင်းအတွက် (၃၇၇) ပွဲမှာ (၂၂၈) ဂိုး သွင်းယူခဲ့ပြီး အသင်းရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။

ဒါ့ပြင် အွန်နရီဟာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် (၂) ကြိမ်၊ FA ဖလား (၃) ကြိ်မ်နဲ့ ကွန်မြူနတီဒိုင်း (၂) ကြိမ် ရရှိခဲ့ပြီး အဲဒီထဲမှာ ၂၀၀၃-၀၄ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group