
လိုက်ပ်ဇစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး ရှက်ရှကိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းကျော် ရရှိဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။
အသက် (၂၂) နှစ်အရွယ် ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ရှက်ရှကိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲမှာ (၂၁) ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ပေးခဲ့တာပါ။
ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့က အပြိုင်ဖြစ်နေကြပြီး လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းက ပိုရေပန်းစားနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှက်ရှကိုကို ခေါ်ယူဖို့အတွက် လိုက်ပ်ဇစ်အသင်းကို ဆက်သွယ်ခဲ့တယ်လို့လည်း The Athletic က ဖော်ပြခဲ့ပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ရှက်ရှကိုအတွက် ပြောင်းရွှေ့ကြေး ယူရို (၇၅) သန်းအပြင် Add-ons ကြေးနဲ့ ပြန်လည်ရောင်းချရင် သူတို့ ဘယ်နှရာခိုင်နှုန်း ပေးရမယ်ဆိုတဲ့ sell-on clause က ထည့်သွင်းဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ရှက်ရှကိုကို အဓိကပစ်မှတ်အဖြစ် ကြိုးပမ်းနေပြီး အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။