
ဆန်းဒါးလန်ကွင်းလယ်ကစားသမားသစ် ချာကာက သူ့အနေနဲ့ အသင်းကို ကူညီပေးဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်တန်းတက် ဆန်းဒါးလန်းအသင်းဟာ လေဗာကူဆင်အသင်းက ဆွစ်ဇာလန်ဝါရင့်ကွင်းလယ်ကစားသမား ချာကာ (၃၂ နှစ်)ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် (၁၃) သန်းအပြင် Add-ons ပေါင် (၄) သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ချာကာဟာ ဆန်းဒါးလန်းအသင်းနဲ့ (၃) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် (၃၄) ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။ ချာကာက အာဆင်နယ်အသင်းမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ်အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် ချာကာက သူ့အနေနဲ့ ဆန်းဒါးလန်းအသင်းကို သူ့ရဲ့အတွေ့အကြုံအရရော၊ စွမ်းဆောင်ရည်အရပါ ကူညီပေးဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ချာကာက "ဆန်းဒါးလန်းအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော် လိုချင်တာကို ရခဲ့တာဖြစ်လို့ အရမ်းကောင်းပါတယ်။ ဆန်းဒါးလန်းအသင်းကို သူတို့ ရှိနေရမယ့်နေရာကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ သမိုင်းသစ် ရေးထိုးဖို့ ကြိုးစားရမှာပါ။ ကျွန်တော့်အနေနဲ့ အသင်းကို အတွေ့အကြုံအရရော စွမ်းဆောင်ရည်အရပါ ကူညီပေးဖို့ အသင့်ရှိပါတယ်"လို့ ပြောကြားခဲ့တာပါ။
ပရီးမီးယားလိဂ်တန်းတက် ဆန်းဒါးလန်းအသင်းဟာ အခုနွေမှာ ချာကာ၊ အေဒင်ဂရာ၊ တယ်လ်ဘီ၊ လီဖီးအပါအဝင် ကစားသမားသစ် (၉) ဦးကို ပေါင်သန်း (၁၂၀) ကျော် အသုံးပြုကာ ခေါ်ယူထားတာပါ။