
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဆာဟာက ပြင်သစ်အသင်းဖော်ဟောင်း အွန်နရီကို အနာဂတ်မှာ အာဆင်နယ်နည်းပြအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိ အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းကို ၂၀၁၉ ဒီဇင်ဘာမှာ စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာ FA ဖလားကို ရယူနိုင်ခဲ့သလို၊ အသင်းကို ချန်ပီယံဆုတွေ စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် တည်ဆောက်ပေးထားပါတယ်။ ဒါပေမဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိပေမဲ့ ပြီးခဲ့တဲ့ (၃) ရာသီဆက်တိုက် အဆင့် (၂) နဲ့သာ ကျေနပ်ခဲ့ရတာပါ။
ဒါကြောင့် လက်ရှိနည်းပြ အာတီတာမှာ ဖိအားတွေခံစားနေရပြီး လာမယ့် ၂၀၂၅-၂၆ ရာသီမှာ အဓိကဆုဖလားတွေ ရယူပေးနိုင်ခြင်းမရှိဘူးဆိုရင် အာဆင်နယ်အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြအပြောင်းအလဲ လုပ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အခု ပြင်သစ်တိုက်စစ်မှူးဟောင်း ဆာဟာက သူ့ရဲ့နိုင်ငံအသင်းဖော်ဟောင်း အွန်နရီဟာ ဘောလုံးအပေါ် ချစ်မြတ်နိုးစိတ်အပြည့်ရှိပြီး အရည်အသွေးလည်း ရှိတာကြောင့် တစ်နေ့မှာ သူ့ကို အာဆင်နယ်နည်းပြအဖြစ် မြင်တွေ့လိုတယ်လို့ ပြောကြားခဲ့တာပါ။
ဆာဟာက "ပရီးမီးယားလိဂ်မှာ အွန်နရီ နည်းပြတာကို ကျွန်တော် မြင်ချင်ပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့ ထိုက်တန်တယ်လို့လည်း ထင်ပါတယ်။ သူက ဘောလုံးကို အရမ်းချစ်မြတ်နိုးသူပါ။ တခြားနည်းပြတွေက ပရီးမီးယားလိဂ်မှာ နည်းပြခွင့်ရနေကြပေမဲ့ အွန်နရီကတော့ အဲဒီလိုအခွင့်အရေးမျိုး မရသေးပါဘူး။ ကစားသမားဘဝက အနားယူသွားတဲ့ တချို့ကစားသမားတွေဟာ ပရီးမီးယားလိဂ်မှာ ထိပ်တန်းနည်းပြအလုပ်ကို ရခဲ့ကြပါတယ်။ အဲဒီလိုမျိုး အွန်နရီလည်း အခွင့်အရေးရသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့နည်းပြဘဝအတွေ့အကြုံကလည်း တိုးတက်လာပါပြီ။ ပြင်သစ်ယူ-၂၁ အသင်းကို သူ ကိုင်တွယ်တုန်းက အရမ်းကောင်းခဲ့တာပါ။ ဘောလုံးနဲ့ပတ်သက်လို့ အွန်နရီဟာ ဗဟုသုတက မယုံနိုင်အောင် ကောင်းမွန်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ သူ့ကို အာဆင်နယ်အသင်းရဲ့နည်းပြအဖြစ် ကျွန်တော် မြင်တွေ့ချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
အွန်နရီဟာ နည်းပြဘဝမှာ မိုနာကို၊ မွန်တာရေးအင်ပက်စ် စတဲ့ ကလပ်အသင်းတွေကို ကိုင်တွယ်ဖူးသလို ပြင်သစ်ယူ-၂၁ အသင်းနဲ့ ပြင်သစ်အိုလံပစ်အသင်းတွေကို ကိုင်တွယ်ဖူးခဲ့ပြီး ပြင်သစ်အိုလံပစ်အသင်းနဲ့အတူ ၂၀၂၄ ပါရီအိုလံပစ်မှာ ငွေတံဆိပ်ဆု ရယူနိုင်ခဲ့ပါတယ်။