Eleven Media Group

■ ဘိုင်ယန်မြူးနစ်နဲ့အတူ ဆုဖလားအားလုံးကို ရယူဖို့ ဒီယက်ဇ် ရည်မှန်း

Photo: FC Bayern München

ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမားသစ် ဒီယက်ဇ်က သူ့အနေနဲ့ အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် (၂၈) နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင်တိုက်စစ်ကစားသမား ဒီယက်ဇ်ဟာ အခုနွေမှာ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီသို့ ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်း (ပေါင် ၆၅.၅ သန်း)နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ (၄) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် (၁၄) ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကစားသမားဖြစ်လာပြီးနောက် ဒီယက်ဇ်က အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့တာပါ။

ဒီယက်ဇ်က "ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရလို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကူညီပေးချင်ပါတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ နေ့စဉ်နေ့တိုင်း စည်းစည်းလုံးလုံးနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဒီယက်ဇ်ဟာ ဟာရီကိန်း (ယူရို ၉၅ သန်း)၊ လူးကပ်စ်ဟာနန်ဒက်ဇ် (ယူရိုသန်း ၈၀) တို့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းသမိုင်းမှာ တတိယမြောက်ကြေးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group