
အေစီမီလန်အသင်းဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ခီယေဆာကို ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
အသက် (၂၇) နှစ်အရွယ် အီတလီတိုက်စစ်ကစားသမား ခီယေဆာဟာ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းကနေ လီဗာပူးလ်အသင်းသို့ ပေါင် (၁၀) သန်းနဲ့ ရောက်ရှိလာခဲ့တာပါ။
ဒါပေမဲ့ ခီယေဆာဟာ လီဗာပူးလ်အသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပြိုင်ပွဲစုံ (၁၄) ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကာ (၂) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ခီယေဆာဟာ အခုနွေမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေသလို လီဗာပူးလ်အသင်းကလည်း သူ့ကို ရောင်းထုတ်လိုနေတယ်လို့ သတင်းထွက်နေတာပါ။
လက်ရှိ အေစီမီလန်အသင်းနည်းပြ အယ်လီဂရီဟာ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်စဉ်က ခီယေဆာနဲ့ လက်တွဲဖူးသူဖြစ်ပြီး အခု သူ့ကို အေစီမီလန်အသင်းဆီ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းတာဝန်ရှိသူတွေဟာ လက်ရှိမှာ ခီယေဆာနဲ့ ညှိနှိုင်းနေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရင် လီဗာပူးလ်အသင်းကို ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။