Eleven Media Group

■ ယိုကယ်ရက်စ် ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ အော်ဒီဂွါ ပြောကြား

Photo: Arsenal

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါက ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ် ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုနွေမှာ ယိုကယ်ရက်စ်(၂၇ နှစ်)ကို စပို့တင်းလစ္စဘွန်းအသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းအပါအဝင် Add-ons ကြေးတွေ ထည့်တွက်မယ်ဆိုရင် ပေါင် (၆၃.၅) သန်းအထိ ရှိလာနိုင်တဲ့ကြေးနဲ့ ခေါ်ယူခဲ့တာပါ။

ယိုကယ်ရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ (၅၂) ပွဲမှာ (၅၄) ဂိုးအထိ သွင်းယူခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေအနေနဲ့ သူ့အပေါ် မျှော်လင့်ချက်မြင့်မားနေတာ ဖြစ်ပါတယ်။

အခု အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါကလည်း အသင်းကို ယိုကယ်ရက်စ် ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အော်ဒီဂွါက "ယိုကယ်ရက်စ်အနေနဲ့ သူ့ကစားသမားဘဝမှာ ဘာတွေလုပ်ပြခဲ့တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်းမှာ သူ စွမ်းဆောင်ပြခဲ့တဲ့ ကိန်းဂဏန်းတွေက သက်သေပါပဲ။ သူက အရမ်းကိုပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ကြ့ံခိုင်မှုကောင်းတယ်။ သန်မာတယ်။ အဆုံးသတ် သေချာတယ်။ ဒီတော့ သူက ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူက အောင်မြင်မှုတွေအတွက် ဆာလောင်နေသူပါ။ အသင်းကို သူ ရောက်လာတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ပြီးတော့ အော်ဒီဂွါက သူ့အနေနဲ့ အသင်းမှာ ယိုကယ်ရက်စ် အလျင်အမြန်အထိုင်ကျအောင် အစွမ်းကုန်ကူညီပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group