Eleven Media Group

ဒွန်နာရမ်မာကို တစ်နှစ်လစာ ယူရိုသန်း(၂၀)ပေးဖို့ အယ်လ်အစ်တီဟတ်နဲ့ ဂါလာတာစာရေး အသင့်ရှိ

Photo: Transfermarkt

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနဲ့ တူရကီကလပ် ဂါလာတာစာရေးအသင်းတို့ဟာ PSG ဂိုးသမား ဒွန်နာရမ်မာကို တစ်နှစ်လစာ ယူရိုသန်း(၂၀)ပေးဖို့ အသင့်ရှိနေကြတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒွန်နာရမ်မာကို PSG အသင်းက ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး အသင်း(၅)သင်း အပြိုင်လုရလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အဲဒီအသင်းတွေကတော့ ပရီးမီးယားလိဂ်ထိပ်သီးတွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ တူရကီကလပ် ဂါလာတာစာရေးနဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်တို့ပါ။
ဒွန်နာရမ်မာဟာ PSG အသင်းမှာ တစ်နှစ်လစာ ယူရို(၁၃)သန်းနီးပါး ရရှိနေသူဖြစ်တာကြောင့် ဂါလာတာစာရေးနဲ့ အယ်လ်အစ်တီဟတ်တို့က ပိုများတဲ့ လစာနှုန်းထားနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ ဒွန်နာရမ်မာက ဂါလာတာစာရေးအသင်းနဲ့ ဆွေးနွေးရာမှာ တစ်နှစ်လစာ ယူရို(၂၅)သန်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း သတင်းထွက်နေပါတယ်။
လောင်းကစားကုမ္ပဏီတချို့ကတော့ ဒွန်နာရမ်မာ ရောက်ရှိဖို့ အလားအလာအကောင်းဆုံးက မန်ယူအသင်းလို့ အလေးပေးထားကြပါတယ်။

မူရင်းသတင်း — Eleven Media Group