
မန်ယူအသင်းက ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်နေတဲ့ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းက မန်ယူအသင်းမှာပဲ ဆက်နေပြီး တိုက်ပွဲဝင်သွားလိုတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ဟွိုင်လန်းကို ၂၀၂၃ နွေရာသီမှာ အတ္တလန်တာအသင်းကနေ Add-ons ကြေးတွေအပါအဝင် ပေါင်(၇၂)သန်းနဲ့ ခေါ်ယူခဲ့ရတာဖြစ်ပြီး မျှော်လင့်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ပြန်ရောင်းထုတ်ပြီး တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
မန်ယူအသင်းက ဒီနွေမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူညာနဲ့ အမ်ဘူမိုတို့ကို ခေါ်ယူထားသလို၊ ထိပ်တန်းတိုက်စစ်မှူး ထပ်ခေါ်ဖို့လည်း ကြိုးပမ်းနေပြီး လက်ရှိအချိန်မှာ လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဒါ့အပြင် ရှက်ရှကိုကို ခေါ်ယူရာမှာ ဟွိုင်လန်းနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါတယ်။
ဝက်စ်ဟမ်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ဟွိုင်လန်းကတော့ အဲဒီပွဲအပြီးမှာ ''ဘယ်သူက ကျွန်တော်နဲ့ စကားပြောချင်နေတာလဲ။ ကလပ်အသင်းကတော့ ကျွန်တော့်ကို ဘာမှမပြောပါဘူး။ အရေးအကြီးဆုံးကတော့ အလုပ်ကို ကြိုးစားပြီး အာရုံစိုက်ထားဖို့ပါ။ ပြီးမှ ဘာတွေဖြစ်မလဲ စောင့်ကြည့်ရမှာပါ။ ကျွန်တော့်အစီအစဉ်ကတော့ အရမ်းရှင်းပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ဒီမှာဆက်နေပြီး ကျွန်တော့်နေရာအတွက် တိုက်ပွဲဝင်သွားချင်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။