Eleven Media Group

လွတ်ခ်မန်းကို စီးရီးအေပြိုင်ဘက်အသင်းတွေဆီ ရောင်းမထုတ်နိုင်ဘူးလို့ အတ္တလန်တာဥက္ကဋ္ဌ ပြောကြား

Photo: X

အတ္တလန်တာအသင်းရဲ့ ဥက္ကဋ္ဌ ပါကက်စီက နိုင်ဂျီးရီးယားတိုက်စစ်မှူး လွတ်ခ်မန်းကို စီးရီးအေပြိုင်ဘက်အသင်းတွေဆီ ရောင်းမထုတ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အတ္တလန်တာအသင်းကနေ ထွက်ခွာခွင့်တောင်းထားတဲ့ လွတ်ခ်မန်းက အသင်းတာဝန်ရှိသူတွေအနေနဲ့ ကတိမတည်ဘူးလို့ ပြောကြားခဲ့တာကြောင့် ပါကက်စီက ပြန်လည်တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
လွတ်ခ်မန်း(၂၇ နှစ်)ဟာ ၂၀၂၂ ခုနှစ်မှာ လိုက်ပ်ဇစ်ကနေ အတ္တလန်တာအသင်းကို ယူရို(၁၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
အတ္တလန်တာအသင်းမှာ ခြေစွမ်းပြနေတဲ့ လွတ်ခ်မန်းကို ပြီးခဲ့တဲ့အပြောင်းအရွှေ့စျေးကွက်တွေအတွင်း ခေါ်ယူလိုတဲ့ အသင်းများစွာရှိခဲ့ပေမဲ့ လွတ်ခ်မန်းက အသင်းမှာ ဆက်နေခဲ့ပြီး အသင်းတာဝန်ရှိသူတွေကလည်း ဒီနွေမှာ ဆန္ဒရှိရင် ပြောင်းရွှေ့ခွင့်ပြုမယ်လို့ ကတိပေးထားကြောင်း သိရပါတယ်။
ဒါကြောင့် လွတ်ခ်မန်းက အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ စီစဉ်တဲ့အခါမှာတော့ ပါကက်စီက ခွင့်မပြုခဲ့ပါဘူး။
ဒီအတွက် ပါကက်စီက အတ္တလန်တာအသင်းရဲ့ အပြောင်းအရွှေ့မူဝါဒအရ ပြည်ပက ထိပ်သီးအသင်းတွေဆီကိုသာ ပြောင်းရွှေ့ခွင့်ပြုမှာဖြစ်ပြီး အီတလီက ပြိုင်ဘက်အသင်းတွေဆီ ရောင်းမထုတ်နိုင်ဘူးလို့ ပြောကြားခဲ့တာပါ။

မူရင်းသတင်း — Eleven Media Group