Eleven Media Group

အာဆင်နယ်နဲ့ပွဲမှာ ဆာဂျင်ရက်ကလစ်ဖ်ကို ဆန္ဒပြဖို့ မန်ယူပရိသတ်အဖွဲ့ စီစဉ်

Photo: Getty Images

မန်ယူအသင်းရဲ့ ပရိသတ်အဖွဲ့တစ်ဖွဲ့ဟာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ကိုပါ ဆန္ဒပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။
မန်ယူပရိသတ်တွေဟာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မကြာခဏ ဆန္ဒပြလေ့ရှိပေမဲ့ ဆာဂျင်ရက်ကလစ်ဖ်ကိုတော့ အခုမှ ပထမဆုံးအကြိမ် ဆန္ဒပြဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ (၂၈.၉၄)%ကို ပြီးခဲ့တဲ့ နှစ်မှာ ဝယ်ယူခဲ့ပြီးတဲ့နောက် အသင်းရဲ့ ဘောလုံးဆိုင်ရာကိစ္စတွေကို စီမံဆောင်ရွက်ခွင့်ရရှိနေသူဖြစ်ပါတယ်။
ဆန္ဒပြမှုပြုလုပ်မယ့် The 1958 အဖွဲ့က ဆာဂျင်ရက်ကလစ်ဖ်ဟာ ဂလေဇာမိသားစု အသင်းကို ဆက်လက်ခြယ်လှယ်ခွင့်ရရှိအောင် ကူညီပေးနေသူလို့ ယူဆတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ဂလေဇာမိသားစုကိုသာမက ဆာဂျင်ရက်ကလစ်ဖ်ကိုပါ ဆန္ဒပြဖို့ စီစဉ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ သြဂုတ်(၁၇)မှာ ယှဉ်ပြိုင်ကစားရမှာပါ။

မူရင်းသတင်း — Eleven Media Group