Eleven Media Group

ဘရာဇီးလ်တောင်ပံကစားသမား အက်စ်တီဗာအို ချယ်လ်ဆီးအသင်းကို ရောက်ရှိ

Photo: Chelsea

ပြီးခဲ့တဲ့နှစ်ကတည်းက ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ဘရာဇီးလ်တောင်ပံကစားသမား အက်စ်တီဗာအိုဟာ အင်္ဂါနေ့က ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
အက်စ်တီဗာအိုဟာ ပါးလ်မီးရပ်စ်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းက အသက်(၁၈)နှစ်ပြည့်ချိန်အထိ စောင့်ခဲ့တာကြောင့် ဒီနှစ်မှ ခေါ်ယူနိုင်ခဲ့တာပါ။
အက်စ်တီဗာအိုဟာ မက်ဆီနဲ့ ကစားဟန်တူတယ်လို့ နှိုင်းယှဉ်ချီးကျူးခံရသူဖြစ်ပြီး ဘရာဇီးလ်ပရိသတ်တချို့က သူ့ကို မက်ဆင်ညိုလို့ ချစ်စနိုးခေါ်ဝေါ်ကြကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက အက်စ်တီဗာအိုအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို(၃၄)သန်းနဲ့ Add-ons ကြေး ယူရို(၂၃)သန်း ပေးချေရမှာဖြစ်ပြီး ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
အက်စ်တီဗာအိုက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အရမ်းပျော်ရွှင်ပြီး အတွေ့အကြုံသစ်အတွက်လည်း အရမ်းစိတ်လှုပ်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group