Eleven Media Group

အသင်းနဲ့ အငြင်းပွားမှုရှိနေတဲ့ ဂိုးသမား စတီဂျန်ကို အသင်းခေါင်းဆောင်အဖြစ်မှ ဘာစီလိုနာ ဖယ်ရှား

Photo: X

ဘာစီလိုနာအသင်းဟာ အသင်းနဲ့ အငြင်းပွားမှုရှိနေတဲ့ ဂိုးသမား စတီဂျန်ကို အသင်းခေါင်းဆောင်အဖြစ်မှ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။
ဂျာမန်ဂိုးသမား စတီဂျန်ဟာ လက်ရှိအချိန်မှာ နောက်ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူထားတာကြောင့် (၃)လကြာ အနားယူရဖို့ ရှိနေပါတယ်။
ဒီအခြေအနေမှာ ဘာစီလိုနာအသင်းက (၄)လ ဒါမှမဟုတ် (၅)လအနားယူရမှာဖြစ်ကြောင်း လာလီဂါဆေးကော်မတီဆီ အကြောင်းကြားဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီလိုမျိုး ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူရတဲ့ ကစားသမားတွေအတွက် လစာ(၈၀)ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ရရှိတာကြောင့် ဘာစီလိုနာအသင်းက ကစားသမားသစ်တွေ စာရင်းသွင်းရာမှာ အသုံးပြုဖို့ ရည်ရွယ်တာပါ။
ဒါပေမဲ့ အဲဒီလိုလုပ်ဆောင်ခဲ့ရင် ဇန်နဝါရီလမှသာ အသင်းအတွက် ပြန်ကစားနိုင်တော့မှာဖြစ်တာကြောင့် စတီဂျန်က ဘာစီလိုနာအသင်းရဲ့ တောင်းဆိုမှုကို လက်မခံခဲ့တာပါ။
ဒီအတွက် ဘာစီလိုနာအသင်းက စတီဂျန်ကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားခဲ့ပြီး နောက်ခံလူ အာရူဟိုကို အသင်းခေါင်းဆောင်အဖြစ် ယာယီတာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group