Eleven Media Group

နီကိုလက်စ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့သတင်းကို ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ငြင်းဆို

Photo: X

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာ မက်စ်အီဘားလ်က ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းကို ငြင်းဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်း ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ဆီနီဂေါလ်တိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆက်သွယ်စုံစမ်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းထွက်လာခဲ့တာပါ။
ဒါပေမဲ့ အီဘားလ်က အဲဒီသတင်းတွေ မဟုတ်မှန်ကြောင်း စပါးအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့လူစာရင်းကို အရမ်းအရမ်းကို ကျေနပ်မှုရှိပါတယ်။ ကျွန်တော်တို့ အမှန်တကယ်လိုချင်တဲ့ ကစားသမား(၃)ဦးဖြစ်တဲ့ ဂျိုနသန်တာ၊ လူးဝစ်ဒီယက်ဇ်နဲ့ တွမ်ဘစ်ချော့ဖ်တို့ကို စာချုပ်နိုင်ခဲ့ပါတယ်။ မူစီယာလာ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ ဟီရိုကီအီတိုတို့ ဒဏ်ရာရရှိနေပေမဲ့ ကျွန်တော်တို့ အရေးပေါ်ဖြေရှင်းဖို့ မလိုအပ်ပါဘူး။ ကံကောင်းဖို့တော့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းက ပြည့်စုံပါတယ်။ ကျွန်တော် သူ့(နီကိုလက်စ်ဂျက်ဆင်ကို ဆိုလို)ကို ခေါ်ယူဖို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး လို့ အီဘားလ်က ပြောကြားခဲ့ပါတယ်။
နီကိုလက်စ်ဂျက်ဆင်ကို ချယ်လ်ဆီးအသင်းက ပေါင်သန်း(၅၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပြီး နယူးကာဆယ်အသင်းက ခေါ်ယူဖို့ ချိန်ရွယ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group