Eleven Media Group

ဂိုးသမား ဒူဘရေကာကို ဘန်လေအသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် ဗလာခိုဒီမို့စ်ကိုလည်း အငှားချဖို့ နယူးကာဆယ် စီစဉ်

Photo: X

နယူးကာဆယ်အသင်းဟာ ဆလိုဗက်ကီးယားလက်ရွေးစင် ဂိုးသမား ဒူဘရေကာကို ဘန်လေအသင်းထံ ရောင်းထုတ်ခဲ့ပြီးတဲ့နောက် ဂရိလက်ရွေးစင်ဂိုးသမား ဗလာခိုဒီမို့စ်ကိုလည်း ဆီဗီလာအသင်းဆီ အငှားချဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဒူဘရေကာ(၃၆ နှစ်)ဟာ နယူးကာဆယ်အသင်းမှာ ပြိုင်ပွဲစုံ(၁၇၉)ပွဲ ကစားပေးခဲ့သူဖြစ်ပြီး တန်းတက်ကလပ် ဘန်လေအသင်းဆီ တစ်ရာသီစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဒူဘရေကာက ဘန်လေအသင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ကျေနပ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ရာသီသစ်အတွက် စိတ်လှုပ်ရှားကြောင်း ပြောကြားခဲ့ပါတယ်။
ဗလာခိုဒီမို့စ်ကတော့ ၂၀၂၄ နွေရာသီကမှ နော်တင်ဟမ်ဖောရက်စ်ကနေ နယူးကာဆယ်အသင်းကို ပေါင်သန်း(၂၀)နဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး ဂိုးသမားတစ်ယောက်အတွက် နယူးကာဆယ်အသင်း ပြောင်းရွှေ့ကြေးအများဆုံး သုံးစွဲခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ လိဂ်ဖလားတစ်ပွဲသာ လူစားဝင်ကစားခဲ့ရပြီး အခုတော့ ဆီဗီလာအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ရတော့မှာပါ။
နယူးကာဆယ်အသင်းက ဗလာခိုဒီမို့စ်(၃၁ နှစ်)ကို ပွဲကစားခွင့်ရဖို့ အငှားချခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group