Eleven Media Group

အီဗန်ဂက်စ်ဆန်းကို အက်စတွန်ဗီလာအသင်း ခေါ်ယူပြီး ဒစ်ဂ်နေးကို သက်တမ်းတိုးစာချုပ် ချုပ်ဆို

Photo: AVFC

အက်စတွန်ဗီလာအသင်းဟာ နိုက်စ်အသင်းက အိုင်ဗရီကို့စ်တိုုက်စစ်မှူး အီဗန်ဂက်စ်ဆန်းကို ပေါင်(၂၆)သန်းနဲ့ ခေါ်ယူပြီး ပြင်သစ်နောက်ခံလူ ဒစ်ဂ်နေးကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အီဗန်ဂက်စ်ဆန်း(၂၄ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက နိုက်စ်အသင်းမှာ (၁၃)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တာကြောင့် အက်စတွန်ဗီလာအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး Add-ons ကြေးတွေကိုပါ ထည့်တွက်ရင် ပေါင်သန်း(၃၀)ကျော် ပေးချေရမှာဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက ဂက်စ်ဆန်းကို ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဒစ်ဂ်နေးက ပြင်သစ်လိဂ်မှာ ပြန်ကစားမယ်လို့ သတင်းထွက်ခဲ့ပေမဲ့ အက်စတွန်ဗီလာအသင်းနဲ့ သက်တမ်းတိုးနိုင်ခဲ့တာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းက ဒီနွေမှာ ကစားသမားသစ်(၄)ဦးခေါ်ယူခဲ့ပြီး ကစားသမား(၃)ဦးကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group