Eleven Media Group

■ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲနောက်ဆုံးပွဲမှာ မြန်မာအသင်း အိန္ဒိယကို  သရေကျပါကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးရှိနေ

Photo: MFF

၂၀၂၆ အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (D) နောက်ဆုံးနေ့ကို သြဂုတ် ၁၀ ရက် (ယနေ့) ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ အိန္ဒိယကို သရေကျပါကလည်း ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေး
ရှိနေပါတယ်။

အုပ်စုနောက်ဆုံးနေ့အဖြစ် ညနေ ၄ နာရီမှာ မြန်မာအသင်းနဲ့ အိန္ဒိယအသင်း၊ ည ၇ နာရီမှာ အင်ဒိုနီးရှားအသင်းနဲ့ တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားရမှာပါ။

အုပ်စုဒုတိယနေ့အပြီးမှာ အိန္ဒိယအသင်းနဲ့ မြန်မာအသင်းက လေးမှတ်စီ၊ အင်ဒိုနီးရှားအသင်းက နှစ်မှတ်ရရှိထားပြီး တာ့ခ်မင်နစ္စတန်အသင်းက အမှတ်မရသေးလို့ တာ့ခ်မင်နစ္စတန်ကလွဲရင် ကျန်တဲ့သုံးသင်း ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးရှိနေပါတယ်။

ခြေစစ်ပွဲကို အုပ်စုရှစ်ခုခွဲ ကျင်းပနေပြီး အုပ်စုတစ်ခုစီက ထိပ်ဆုံးတစ်သင်းစီနဲ့ ဒုတိယနေရာရအသင်းတွေထဲက အကောင်းဆုံးသုံးသင်း စုစုပေါင်း ၁၁ သင်း ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ နောက်ဆုံးပွဲမှာ အိန္ဒိယအသင်းကို အနိုင်ကစားနိုင်မယ်ဆိုရင် တခြားပွဲရလဒ်ကြည့်စရာမလိုဘဲ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး သရေကျခဲ့ရင်တော့ သွင်းဂိုးနဲ့ သရေကျပြီး နောက်ပွဲမှာ အင်ဒိုနီးရှားအသင်းက တာ့ခ်မင်နစ္စတန်အသင်းကို ဘယ်လိုရလဒ်နဲ့ အနိုင်ရစေကာမူ အုပ်စုပထမရပြီး ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

မြန်မာ-အိန္ဒိယပွဲမှာ အရှုံးအနိုင်ရလဒ်ထွက်ခဲ့ရင်တော့ ဒုတိယပွဲကစားမယ့် အင်ဒိုနီးရှားအသင်းက အကောင်းဆုံးအုပ်စုဒုတိယနေရာအတွက်ပဲ မျှော်လင့်လို့ရတော့မယ့် အခြေအနေဖြစ်သွားမှာပါ။

မြန်မာအသင်းနဲ့ အိန္ဒိယအသင်းသရေကျပြီး အင်ဒိုနီးရှားအသင်း အနိုင်ရခဲ့ရင် ငါးမှတ် သုံးသင်းတူညီသွားမှာဖြစ်ပြီး Head to Head စည်းမျဉ်းနဲ့ ဆုံးဖြတ်မှာဖြစ်လို့ ခြေစစ်ပွဲအောင်မြင်ဖို့ တွက်ချက်ရာမှာ သုံးသင်းထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေနဲ့
ဆက်လက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းက နှစ်ဂိုးစီသရေကျထားပြီး အင်ဒိုနီးရှားနဲ့ အိန္ဒိယအသင်းက ဂိုးမရှိသရေကျထားတာကြောင့် မြန်မာအသင်းသာ အိန္ဒိယကို သွင်းဂိုးရရှိပြီး သရေကျခဲ့ရင် (ဥပမာ ၁-၁၊ ၂-၂၊ ၃-၃) ဒီသုံးသင်းမှာ ဂိုးကွာခြားချက်အသာရပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

မြန်မာနဲ့ အိန္ဒိယအသင်း သရေကျပြီး အင်ဒိုနီးရှားအသင်းက အနိုင်မရခဲ့ဘူးဆိုရင် အိန္ဒိယအသင်းက မြန်မာထက် ဂိုးကွာခြားချက်အသာရကာ အုပ်စုပထမနေရာရယူသွားမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ဖို့ဆိုရင် အနိုင်မကစားနိုင်ရင်တောင် သွင်းဂိုးရရှိပြီး သရေကျဖို့ လိုသလို အင်ဒိုနီးရှားကလည်း တာ့ခ်မင်နစ္စတန်ကို အနိုင်ကစားရမှာဖြစ်ပါတယ်။

မြန်မာနဲ့ အိန္ဒိယအသင်း ဂိုးမရှိသရေကျခဲ့ပြီး အင်ဒိုနီးရှားအသင်း အနိုင်ရခဲ့မယ်ဆိုရင် အင်ဒိုနီးရှားအသင်းက တာ့ခ်မင်နစ္စတန်ကို ဂိုးဘယ်လောက်နဲ့ အနိုင်ရသလဲဆိုတာ အရေးပါလာမှာဖြစ်ပါတယ်။

ရမှတ်တူ သုံးသင်း ထိပ်တိုက်တွေ့ဆုံမှု၊ ဂိုးကွာခြားချက်နဲ့ သွင်းဂိုး၊ ပေးဂိုးတွေတူညီနေရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းအရ အုပ်စုပွဲအားလုံးရဲ့ ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာဖြစ်လို့ အင်ဒိုနီးရှားသာ ဂိုးများများသွင်းယူနိုင်ရင် အုပ်စုပထမရယူသွားမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ဆိုရင် အိန္ဒိယကို မရှုံးဖို့အရေးကြီးပြီး အနိုင်မကစားနိုင်ရင်တောင် သွင်းဂိုးရရှိပြီး သရေကျခဲ့ရင် နောက်ဆုံးအဆင့် တက်လှမ်းခွင့်ရမှာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group