Eleven Media Group

ဖိအားများတဲ့ အခိုက်အတန့်တွေကို နှစ်သက်သဘောကျကြောင်း ဟန်ဒါဆန် ပြောကြား

Photo: X

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဂိုးသမား ဟန်ဒါဆန်က ဖိအားများတဲ့ အခိုက်အတန့်တွေကို နှစ်သက်သဘောကျကြောင်း ကွန်မြူနတီဒိုင်းပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်ဂိုးသမား ဟန်ဒါဆန်က အဲဒီပွဲရဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာ ပယ်နယ်တီနှစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူးလ်ကို ပယ်နယ်တီ (၃-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ရာသီ FA ဖလားဗိုလ်လုပွဲမှာလည်း မန်စီးတီးတိုက်စစ်မှူး မာမွတ်ရှ်ရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့တာကြောင့် ချန်ပီယံဆုရရှိပြီး အခုလို ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် နောက်တစ်ကြိမ် သူရဲကောင်းဖြစ်ခဲ့တဲ့ ဟန်ဒါဆန်က ''ကျွန်တော် ကြီးမားတဲ့ အခိုက်အတန့်တွေ၊ ဖိအားများတဲ့ အခိုက်အတန့်တွေကို နှစ်သက်သဘောကျပါတယ်။ ပယ်နယ်တီမှာ ကောင်းမွန်အောင် ကျွန်တော်တို့ အိမ်စာလုပ်ခဲ့ပါတယ်။ သူတို့က မယုံနိုင်စရာကစားသမားတွေနဲ့ ထိပ်သီးအသင်းကြီးဖြစ်ပေမဲ့ ကျွန်တော်တို့ (၃)လအတွင်းမှာ ဆုဖလားနှစ်ခု ရယူနိုင်ခဲ့တာ မယုံနိုင်စရာပါပဲ။ (၂-၁)ဖြစ်ချိန်မှာ ကျွန်တော်တို့ ရှုံးပြီလို့ ခင်ဗျားတွေးမှာပါ။ နည်းပြကတော့ အခွင့်အရေးရှိသေးတယ်လို့ ပြောခဲ့ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်'' လို့ ဟန်ဒါဆန်က ပြောကြားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်မြူနတီဒိုင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group