Eleven Media Group

ဖိုဖာနာနဲ့ ချာလိုဘာတို့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ကစားနိုင်မယ်လို့ မာရက်စကာပြောကြား

Photo: X

ချယ်လ်ဆီးနည်းပြ မာရက်စကာက ခံစစ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဖိုဖာနာနဲ့ ချာလိုဘာတို့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ကစားနိုင်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ပြင်သစ်နောက်ခံလူ ဖိုဖာနာဟာ မတ်လကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်မှုပြုလုပ်နေပါပြီ။
ဒါကြောင့် သူ့အခြေအနေကို မေးမြန်းခဲ့ရာမှာ မာရက်စကာက ''ပဲလေ့စ်နဲပွဲမှာ သူ ပါဝင်လာမှာပါ။ ကျွန်တော်တို့ အရမ်းပျော်ရွှင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရေးပါတဲ့ကစားသမားတစ်ယောက် ဖြစ်တာကြောင့်ပါ'' လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူ ချာလိုဘာကတော့ အေစီမီလန်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာ အစောဆုံးလူစားလဲခံခဲ့ရတာကြောင့် ဒဏ်ရာရရှိခြင်းလားလို့ မာရက်စကာကို မေးမြန်းခဲ့တာပါ။
''ချာလိုဘာက အဆင်ပြေပါတယ်။ အရမ်းပူနေလို့ သူက အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group