
အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းက ဘယ်လ်ဂျီယံလက်ရွေးစင် တောင်ပံကစားသမား မာလစ်ခ်ဖိုဖာနာကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သတင်းထွက်လာပါတယ်။
မာလစ်ခ်ဖိုဖာနာကို အာဆင်နယ်အပြင် ချယ်လ်ဆီး၊ လီဗာပူးလ်၊ ဖူလ်ဟမ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကလည်း ချိန်ရွယ်နေကြသလို၊ ဘိုင်ယန်မြူးနစ်၊ လိုက်ပ်ဇစ်နဲ့ နာပိုလီတို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
မာလစ်ခ်ဖိုဖာနာ(၂၀ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက လိုင်ယွန်အသင်းအတွက် (၁၁)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် အသင်းများစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပြီး လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတချို့က လိုင်ယွန်အသင်းနဲ့ ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းထွက်လာတာပါ။
လိုင်ယွန်အသင်းဟာ မာလစ်ခ်ဖိုဖာနာကို ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ယူရို(၁၇)သန်း+ Add-ons ကြေးယူရို(၅)သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ယူရိုသန်း(၅၀)အထက် အလိုရှိနေတယ်လို့ သိရပါတယ်။
လိုင်ယွန်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ မာလစ်ခ်ဖိုဖာနာက ဘယ်တောင်ပံမှာ ခြေစွမ်းအပြနိုင်ဆုံးဖြစ်တာကြောင့် အာတီတာက အလိုရှိနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။