Eleven Media Group

အသင်းဖော်တွေကြောင့် ကစားရတာ အလွန်လွယ်ကူတယ်လို့ ဇူဘီမန်ဒီ ပြောကြား

Photo: X

အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် ဇူဘီမန်ဒီက အသင်းဖော်တွေကြောင့် ကစားရတာ အလွန်လွယ်ကူတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
စပိန်ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီ(၂၆ နှစ်)ဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ ဆိုစီဒက်ကနေ အာဆင်နယ်အသင်းကို ယူရို(၆၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဇူဘီမန်ဒီဟာ ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အမ်းမရိတ်စ်ဖလားပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ချီးကျူးခံနေရပြီး အာဆင်နယ်အသင်းရဲ့ မှန်ကန်တဲ့ခေါ်ယူမှုလို့လည်း သတ်မှတ်ခံနေရပါတယ်။
''အသင်းက ကျွန်တော့်ကို အရမ်းလွယ်ကူအောင် လုပ်ပေးခဲ့တာပါ။ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ ပေါင်းစပ်မှုက အရမ်းကိုကောင်းမွန်ပါတယ်။ ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ အရမ်းကိုခင်မင်ရင်းနှီးကြတယ်လို့ ထင်ပါတယ်။ ဒက်ကလန်နဲ့ အော်ဒီဂွါတို့က ထိပ်တန်းကစားသမားတွေဖြစ်ပြီး သူတို့ရဲ့နေရာမှာ အကောင်းဆုံးတွေပါ။ ကျွန်တော် သင်ယူပြီး အသားကျအောင် လုပ်ဆောင်ရမယ့်အချိန်ပါ'' လို့ ဇူဘီမန်ဒီက ပြောကြားခဲ့ပါတယ်။
ဇူဘီမန်ဒီက ဘီလ်ဘာအိုနဲ့ပွဲမှာ အနိုင်ရခဲ့တာဟာ ရာသီသစ်အတွက် ကောင်းမွန်တဲ့ခံစားချက် ဖြစ်ပေါ်စေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group